နေပြည်တော် ဇွန် ၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၌ ကျင်းပသည့်  ၂၀၂၁-၂၀၂၂  ပညာသင်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်သည်။ 

အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မောင်မယ်သစ်လွင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယဝန်ကြီးက ပညာထူးချွန်ပြီးကိုယ်ကျင့် တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်းများသည် နိုင်ငံတော်အတွက်အားထားရမည့် သူများဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ် များကိုလက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန်ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက်ရှိသကဲ့သို့ မြန်မာ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအနုပညာရပ်များကိုပါ သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ကြောင်း။
     
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပါဝင်အစွမ်းပြခွင့်ရရှိတော့မည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့် အနုသုခုမပညာရပ်များ ကို ဆုံးခန်းတိုင်အောင်သင်ယူကြပြီး ကိုယ်ကျင့်တရား ကောင်းမွန်၍ ထူးချွန် ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
    
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက တက္ကသိုလ်မောင်မယ်များအဖြစ် ရွေးချယ်ခြင်း ခံရသော ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ မောင်ကျော်ဝေယံလင်း နှင့်  ဂီတပညာဌာနက မဆုမြတ်သူတို့အားစလွယ်နှင့်သရဖူတို့ကိုချီးမြှင့်ပြီး အဆိုအကများဖြင့် ဖျော်ဖြေတင် ဆက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
    
ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ပင်မအုပ်ချုပ်ရေးရုံး၊ အစည်း အဝေးခန်းမသို့ ရောက်ရှိရာ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ  အချက်အလက်များ နှင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
    
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနေမှုနှင့် ကျောင်းပရဝဏ်သာယာလှပရေး ဆောင်ရွက်ထားမှုကို လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)