ပခုက္ကူ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ ရှစ်ခန်းတွဲ ငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံတစ်လုံးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉ သန်းဖြင့် ရှစ်ခန်းတွဲ ငါးထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန် ၁၀ ရက်အထိ တည်ဆောက်မှုမှာ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်ပေ ၃၃၈၂၂ ရှိပြီး တစ်ထပ်လျှင် အခန်း ရှစ်ခန်းပါရှိသည်။
တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း စံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီစွာ တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောပြချက်အရ သိရသည်။
ဘာမီသာ(ပခုက္ကူ)