နေပြည်တော် ဇွန် ၁၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်၊ တိုးတက်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်း (၂၀၂၁)ခုနှစ် ကောက်ယူခဲ့ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းကောက်ယူရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေး အစီအမံများ၊ ဘေးအန္တရာယ် မကျရောက်မီ ဆောင်ရွက်ရမည့် အစီအစဉ်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်လာသည့်အခါတွင် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ရေး၊ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် ကနဦး လိုအပ်ချက်များ၊ ရေရှည်အတွက် လိုအပ်ချက်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်သည့် အခြေအနေများကို ဆန်းစစ်ဖော်ထုတ်ရေး၊ ဘေးအန္တ ရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်များ ဖော်ထုတ်ရေး၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းများ ကောက်ယူရေး၊ ဘေးအန္တရာယ် ကျရောက်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရေး၊ ထိရောက်သည့် အရင်းအမြစ်ခွဲဝေမှုဖြစ်စေရေးနှင့် ဘေးအန္တရာယ် ခံစားရသူတိုင်း အကူအညီရရှိနိုင်ရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များအကြား အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ရေး၊ စာရင်းဇယား အချက်အလက်များ တိကျမှန်ကန်ရေးနှင့် မြေပြင်အခြေအနေနှင့် ကိုက်ညီစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
အစည်းအဝေးသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးများနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်