သွင်လန်း
ပြီးခဲ့သည့် စနေနေ့ည ၉ နာရီက MRTV (HD) အစီအစဉ်တွင် မန်းသိင်္ဂါရုပ်စုံသဘင်၏ သုဝဏ္ဏသာမ ဇာတ်တော်ကြီး တင်ဆက်ပြသသွားသည်ကို စိတ်နှလုံးကြည်နူးဖွယ်ရာ ကြည့်ရှုလိုက်ရသည်။ ရုပ်စုံသဘင်ဟု ဆိုလိုက်သည်နှင့် ငယ်ငယ်က ရပ်ထဲရွာထဲမှာ ကြည့်ရှုခဲ့ရသော ရုပ်စုံသဘင်ခေါ် ရုပ်ကြီးစင်ခေါ် ရုပ်သေးပွဲကို သတိရမိသည်။
ရုပ်သေးပွဲကို အငြိမ့်ပွဲ ဇာတ်ပွဲများနည်းတူ ပရိသတ်ကြိတ်ကြိတ်တိုး အားပေးလေ့ရှိသည်။ ရုပ်သေးပွဲအများစုမှာ ရုံမပါဗလာပွဲများအဖြစ် ဖျော်ဖြေတင်ဆက်လေ့ရှိကြသည်။ ရုပ်သေးပွဲတိုင်းတွင် ရိုးရာသမားစဉ်နှင့်အညီ အပျိုတော်အက၊ မြင်းနှင့် မြင်းထိန်းအက၊ ရာမနှင့် ဒဿဂီရိ၊ ဇော်ဂျီအက စသည်တို့ အစဉ်လိုက်ကပြရသည်။ စာရေးသူတို့ ကလေးဘဝတုန်းက ရုပ်သေးပွဲဆိုလျှင် မြင်းရုပ်နှင့် မြင်းထိန်းမည်းမည်းသည်းသည်းကို မျက်ပြူးတို့၊ ဆွဲလိုက်ရုန်းလိုက်နှင့် နောက်ဆုံး မြင်းထိန်းပုဆိုးကျွတ်ကျသောအခန်းကို ကလေးများသဘောအကျ ဆုံးဖြစ်သည်။
မရွှေဥရက်ကန်းခတ်နေစဉ် ကျားဆွဲသည့်အခန်းမှာလည်း မျက်တောင်မခတ်စောင့်ကြည့်ရသော မပါမဖြစ် အခန်းဖြစ်သည်။ ရုပ်သေးအဖွဲ့အများစုမှာ မရွှေဥရက်ကန်းစင်ကို ပရိသတ်ကြည့်နေသည့် ခေါင်းပေါ်အထိ ကြိုးဆိုင်းများဖြင့် ထုတ်ထားပြီး ပရိသတ်ခေါင်းပေါ်မှာပင် မရွှေဥအရုပ်နှင့် ကျားရုပ် ကို လှုပ်လှုပ်ရှားရှားကစားပြီး ပညာစွမ်းပြလေ့ရှိကြသည်။ ရုပ်သေးပညာရှင်တို့၏ ပညာစွမ်းကြောင့် ပရိသတ်စိတ်နှလုံးကို လှုပ်ခတ်စေခဲ့သည်။
ရုပ်သေးကြိုးဆွဲပညာ သို့မဟုတ် ရုပ်ကြီးစင်
ရုပ်ကြီးစင်ဟူသည် ပကတိလူအရွယ်နီးပါးရှိသော အရုပ်များကို ကြိုးတပ်၍လှုပ်ရှားကပြသော သဘင်၊ ရုပ်သေးဟူသည် ကြိုးဆွဲ၍ အရုပ်များကို လှုပ်ရှားကပြစေသည့် အမြင့်သဘင်ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။ မြန်မာတို့၏ ရုပ်သေးကြိုးဆွဲပညာ သို့မဟုတ် ရုပ်ကြီးစင်တင်ဆက်မှုသည် မြန်မာတွင်မက ကမ္ဘာမှာပါ ကျော်ကြားခဲ့သည်။
စာရေးသူသိကျွမ်းခဲ့ဖူးသူ သာကေတမြို့နယ်မှ ရုပ်သေးပညာရှင်တစ်ဦးသည် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံရပ်ခြားသို့ အကြိမ်ကြိမ် သွားရောက်ပြီး မြန်မာ့ရုပ်သေးကြိုးဆွဲ အနုပညာကို ကမ္ဘာသိအောင်ပြသခဲ့ရသည်။ ပုဂံညောင်ဦးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစဉ်ညတိုင်း ရုပ်ကြီးစင်ဖျော်ဖြေပွဲဖြင့် ဧည့်ခံဖျော်ဖြေပြီး ရုပ်သေးပညာရှင်များက ရုပ်သေးရုပ်များဖြင့် ဧည့်သည်ရှိရာ စားပွဲဝိုင်းများပေါ်အထိ လိုက်လံကပြဖျော်ဖြေလေ့ရှိရာ နိုင်ငံခြားသားဧည့်သည်များ လွန်စွာ သဘောကျနှစ်ခြိုက်ကြပြီး ရုပ်သေးရုပ်များနှင့် တွဲဖက်ဓာတ်ပုံရိုက်၊ မှတ်တမ်းတင်သွားကြသည်ကို ဂုဏ်ယူဖွယ်ရာတွေ့မြင်ခဲ့ရသည်။
သုဝဏ္ဏသာမဇာတ်တော်ကြီးကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်းစီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်သည်။
သုဝဏ္ဏသာမဇာတ်တော်ကြီးကို ကြိုးဆွဲအရုပ်များနှင့် သရုပ်ဆောင်သရုပ်ဖော်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပါချေ။ ကြိုးဆွဲပညာရှင်က ဇာတ်လမ်းဇာတ်ကွက်နှင့်အညီ အံကိုက်လှုပ်ရှားစေရန် ကြိုးပေါင်းများစွာကို အလျှော့အတင်းပြုလုပ်ရသလို အဆိုအပြော အသံရှင်များကလည်း အရုပ်၏ လှုပ်ရှားဟန်နှင့် ကိုက်ညီအောင် အဆိုအငို အပြောသရုပ်ဆောင်ကြရသည်။ မြန်မာဆိုင်းဝိုင်းကြီးမှ ဆိုင်းပညာရှင်များကလည်း အဆိုအငို အပြောများနှင့် လိုက်ဖက်သည့်တေးဂီတကို ဖန်တီးပေးရသည့်အပြင် စင်ပေါ်က ကပြသည့် အရုပ်အားလုံး၏ လှုပ်ရှားမှုနှင့်လိုက်ဖက်သော တေးဂီတကို ဖန်တီးတင်ဆက်ကြရသည်။
ဇာတ်လမ်းဇာတ်ကွက်၊ အဝင်အထွက် အခန်းပြောင်း တီးလုံးများကို အဆက်မပြတ်ဖန်တီး တီးမှုတ်ကြရသည်။ တကယ်တော့ သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို ရုပ်စုံသဘင်ဖြင့် သရုပ်ဖော် တင်ဆက်ကြသည်ဆိုရာတွင် ပါဝင်သူအနုပညာရှင် အားလုံး၏ စည်းလုံးညီညွတ်မှုကလည်း အထူးအရေးပါလှသည်။ စုပေါင်းအင်အားဖြင့် ညီညွတ် မှုကလည်း အထူးအရေးပါလှသည်။ စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်မှသာ ပီပြင်သော ရုပ်စုံသဘင်တင်ဆက်မှုအဆင့်သို့ ရောက်ရှိနိုင်ပါသည်။
ရုပ်စုံသဘင်တင်ဆက်မှု
လူကိုယ်တိုင်ကပြရသော ဇာတ်သဘင်များတွင် သရုပ်ဆောင်သူကိုယ်တိုင်က အဆိုအငို အပြောများကို တိုက်ရိုက် ဆိုရ၊ ငိုရပြောရပါသည်။ ရုပ်စုံသဘင်တင်ဆက်မှုတွင် ကြိုးဆွဲသူက အရုပ်၏ ဟန်ပန်အမူအရာများကို အချက်ကျဖန်တီးရပြီး ဆိုငိုပြောသူက အရုပ်၏လှုပ်ရှားဟန်နှင့် ထပ်တူ ကျအောင် ဆိုငိုပြောရသည်မှာ လွယ်ကူလှသည် တော့ မဟုတ်ပါချေ။ စင်စစ်တော့ မြန်မာ့ရုပ်စုံသဘင်သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာကို ထင်ဟပ်ပေါ်လွင်အောင် ပြသနိုင်သည့် ဂုဏ်ယူဖွယ်ရာ အနုပညာတင်ဆက်မှုတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
သုဝဏ္ဏသာမဇာတ်တော်ကြီးကို ဗုဒ္ဓဝင် ဇာတ်တော်ကြီးအဖြစ် ဇာတ်သဘင်တင်ဆက်မှုတွင် ကြည့်ရှုထားဖူးသဖြင့် ဇာတ်လမ်းဇာတ်ကွက်ကို သိရှိထားပြီးဖြစ်သော်လည်း ထွန်းသင်္ဂါရုပ်စုံသဘင် မှ အနုပညာရှင်များနှင့် ၎င်းတို့၏ ရုပ်သေးရုပ်များက ကြည့်ရှုသူတို့၏အာရုံကို ဆွဲဆောင်သွားနိုင်သည်။ ဒူကူလ၊ ပါယိက၊ သုဝဏ္ဏသာမ၊ ပိဠိယက္ခမင်း၊ ဗဟု သုန္ဒရီနတ်သမီး၊ သိကြားမင်း မျောက်၊ သမင် စသဖြင့် Casting လုပ်ဆောင်နေရသည့် ရုပ်စုံများ၊ ကြိုးဆွဲပညာရှင်များ၊ အဆိုအငိုအပြောသရုပ်ဆောင် ရသူများ၊ မြန်မာဆိုင်းဝိုင်း၊ ဂီတပညာရှင်များသည် သူ့နေရာနှင့်သူ ပိုင်နိုင်စွာ လုပ်ဆောင်သွားကြသည်။ ရုပ်စုံသဘင်တင်ဆက်မှုတွင် ပါဝင်သူများက အနုပညာရသမြောက်စွာ တင်ဆက်သွားခဲ့ကြသည်။ ကြည့်ရှုရသူ ပရိသတ်၏အာရုံတွင် “အရုပ်” ဆိုသည့် အာရုံပျောက်ပြီး လူကိုယ်တိုင် သရုပ်ဆောင်ကပြနေ သည့်သဖွယ် ခံစားလာမိကြသည်။
ယနေ့ခေတ်ကာလ လူငယ်လူရွယ်အများစုမှာ ရုပ်ကြီးစင်ခေါ် ရုပ်စုံသဘင်ခေါ် ရုပ်သေးပွဲကို ကြည့်ဖူးသူ အနည်းငယ်သာရှိမည်ထင်ပါသည်။ ထို့ကြောင့် မြန်မာ့ရုပ်မြင်သံကြားမှာ သုဝဏ္ဏသာမ ဇာတ်တော်ကြီးကဲ့သို့သော ရုပ်စုံသဘင်တင်ဆက်မှု သည် ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရုပ်သေးကြိုးဆွဲပညာ ရုပ်စုံသဘင်ပညာကို ခေတ်လူငယ်တို့ ဗဟုသုတရဖွယ် Infotainment အဖြစ် ဖျော်ဖြေပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
သုဝဏ္ဏသာမဇာတ်တော်ကြီး ရုပ်စုံသဘင် တင်ဆက်မှုသည် အောင်မြင်သော မြန်မာ့ယဉ်ကျေးမှု ဇာတ်သဘင်ပညာ၊ ရုပ်စုံသဘင်ပညာအတွက် ဂုဏ်ယူထိုက်သော ကြိုးပမ်းတင်ဆက်မှုတစ်ခု ဖြစ်သည်ဟု ဆိုချင်ပါသည်။ နောင်တွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြား ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အလားတူ ရုပ်စုံ သဘင်တင်ဆက်မှုများ ဖျော်ဖြေတင်ဆက် ရိုက်ကူး ပြသနိုင်ပါက ပြည်သူများ စိတ်လက်အပန်းဖြေနိုင်သလို မြန်မာမှုအနုပညာ အမွေအနှစ်များကို မျက်မှောက်ခေတ် လူငယ်များ သိရှိခံစားဂုဏ်ယူ နိုင်ကြမည်ဖြစ်သည်။
ရုပ်သေးပညာရှင်များ
သုဝဏ္ဏသာမဇာတ်တော်ကြီး ရုပ်စုံသဘင်အား ဇာတ်ညွှန်းရေးသားစီစဉ်သူ၊ ပါဝင်ကပြကြသူ ရုပ်သေးပညာရှင်များနှင့် အဆိုအငိုအပြော သရုပ်ဆောင်သူများ၊ ပါဝင်တီးခတ်သူ ဆိုင်းပညာ ရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ စီစဉ်ရိုက်ကူးပေးသူ ဝန်ထမ်းများကို ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါသည်။
ဤအတောအတွင်းမှာပင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ (၃၈)ဖြာမင်္ဂလာအစီအစဉ်ကို ပြသ မည်ဆိုသည့်သတင်းကိုလည်း ဖတ်လိုက်ရပါသည်။ လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေး လိမ္မာစေရေးနှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက်ရည်ရွယ်၍ (၃၈)ဖြာမင်္ဂလာ အစီအစဉ် အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အခြေခံ ပညာ ကျောင်းသား ကျောင်းသူများဖြင့် ရိုက်ကူး တင်ဆက်မှုများကို ၁၉၉၀ ပြည့်နှစ်များတွင် ရိုက်ကူးတင်ဆက်ခဲ့ဖူးပါသည်။
ထိုစဉ်က (၃၈)ဖြာမင်္ဂလာ တီဗွီအစီအစဉ်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများသည် ယခုအခါ အရွယ်ရောက်၍ လုပ်ငန်းခွင်ဝင်သည့် အရွယ်သို့ပင် ရောက်ရှိနေကြ ပြီဖြစ်သည်။ ယခုအခါ (၃၈)ဖြာမင်္ဂလာအစီအစဉ် များကို သဘင်ပညာရှင်များ၊ အနုပညာရှင်များဖြင့် ဖျော်ဖြေရေး အစီအစဉ်ကောင်းတစ်ခုအဖြစ် ဆန်းသစ်ရိုက်ကူးဆောင်ရွက်လျက်ရှိပြီး ၎င်း အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မကြာမီတင်ဆက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းသိရှိရသဖြင့် ပြည်သူ့အကျိုးပြု Infotainment အစီအစဉ်ကောင်းတစ်ခုအဖြစ် စောင့်ကြည့်ရမည့် အစီအစဉ်ကောင်းတစ်ခုဖြစ်ပါ ကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။