မော်လမြိုင် ဇွန် ၁၁

မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ဇွန် ၁၀ ရက် နံနက်ပိုင်းက မော်လမြိုင် အဝေးပြေးယာဉ်ရပ်နားစခန်း၌ မော်တော်ယာဉ်လိုင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်မှု အခြေအနေများအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်အသီးသီးတို့၏ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ကော်မတီများနှင့် တွေ့ဆုံရာ မွန်ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ စစ်ဆေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မော်တော်ယဉ်များ ပြေးဆွဲနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ မြေယာအသုံးပြုမှု အခြေအနေများ၊ သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများအလိုက် ကြီးကြပ်ဆောင်ရွက်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးမှူးတို့က မော်တော်ယာဉ်ဂိတ်များ၌ လုံခြုံရေးအတွက် စီမံပြင်ဆင်ထားရန် လိုအပ်မှုများ၊ တန်ဆာပစ္စည်များလက်ခံမှု/ ထုတ်ပေးမှုများတွင် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လိုအပ်မှုများ၊ ခရီးသွားပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်စီးနင်းရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှုများ၊ တရားမဝင်နယ်စပ်ဖြတ်ကျော် သွားလာမှုများ မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်မှုများ၊ ကူးစက်ရောဂါများ ပြန့်နှံ့မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိ ပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်မှုများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်ပြောကြားခဲ့ပြီး မြို့နယ် ကြီးကြပ်မှုကော်မတီများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)