ပန်းတနော်၊ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အခြေခံပညာဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၁၀ ရက် မွန်းလွဲ ၃ နာရီက အ.ထ.က(၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး (စီမံ+ဘဏ္ဍာ) ဦးလင်းထင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဦးသက်နိုင်အေးမှ ရက်တိုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတက်ရောက်မှု ကိစ္စရပ်များကို လည်းကောင်း၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဦးမှ သင်တန်းတွင် ဆွေးနွေးသော အကြောင်းအရာနှင့် သင်ကြားသင်ယူမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ ဇွန် ၄ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် ရက်တိုသင်တန်း Post Test ၌ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)