ရန်ကုန်၊  ဇွန် ၁၁


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးဦးညွန့်ဖေနှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် ၁၀ ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ အင်လျားကန် ရေပိုလွဲသို့ သွားရောက်၍ ကန်အတွင်း အမှိုက်၊ မှော်၊ ဒိုက်များဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

 

mdn

 

ထို့နောက် မြို့တော်ဝန်သည် သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်အတွင်း ဇာဝေယာလမ်းနှင့် စံချိန်သစ် လမ်းအကြား ရေမြောင်းဖောက်လုပ်ရန် ပြင်ဆင်နေမှု ကိုလည်းကောင်း၊ လေးထောင့်ကန်ရပ်ကွက် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း ရေနုတ်မြောင်းများ ရှင်းလင်းနေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်နေမှုနှင့်  မြေယာရှုခင်းများ ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ သုဝဏ္ဏ ၃၀ ရပ်ကွက်၊ အောင်သပြေပတ်လမ်း ကွန်ကရိလမ်းခင်းကျင်းပြီး စီးမှုနှင့် နှင်းဆီနက်လမ်း ကွန်ကရိ ခင်းကျင်းနေမှုကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ် (၅) ရပ်ကွက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် ပြည်အနောက်ရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် စမ်းချောင်းမြို့နယ် စမ်းချောင်း(မြောက်) ရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင် ရွက်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ် ဆေးခတ်ခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)