နေပြည်တော်၊ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ် မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာ/ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် က ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် (၁၅ ရာခိုင်နှုန်း) ခန့် တိုးတက်သုံးစွဲလျက် ရှိသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင်ပြန်ပြည့်မြဲ စွမ်းအင်အပါအဝင် နည်းမျိုးစုံဖြင့်တိုးတက် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်ဓာတ်အား ပို့လွှတ်ခြင်းအပိုင်း တိုးချဲ့ဆောင်ရွက်ခြင်း၊ ဓာတ်အား ဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကို အားလုံးမှ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန်နှင့် ရရှိလာသော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိအောင် အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျ သုံးစွဲတည်ဆောက်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများ ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝ တည်ငြိမ်စွာဖြင့် အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် ဓာတ်အားခ ကြွေးကျန်များကိုလည်း ရာနှုန်းပြည့် အပြည့်အဝ ကောက်ခံရရှိစေရေး ခရိုင်/ မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလို အပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ပြီး အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး စေတနာထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြာသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အား တိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


