mdn

ရန်ကုန် ဇွန် ၁၂ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂထုတ်လုပ်ရေးစက်ရုံရှိ ရုံးသုံး၊ ကျောင်းသုံး၊ အိမ်သုံး ပရိဘောဂများ ထုတ်လုပ် နေမှုကို  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပရိဘောကထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဈေးကွက် အခြေအနေတို့ကိုရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပရိဘောဂထုတ်လုပ်နေမှုလုပ်ငန်းအဆင့်ဆင့်ကို  ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်း ကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ Diamond Mercury Wood Products ၏ သစ်အချောထည်စက်ရုံသို့ရောက်ရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုကိုရှင်းလင်းပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး စိုက်ခင်းများမှထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တန်ဖိုး မြှင့်သစ်အချောထည် တံခါးနှင့်ကျည်းဘောင်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ မဟာဗျူဟာမြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့်နည်း ပညာသုံး ဓာတ်သတ္တု တွင်းထွက်များနှင့် ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်း မှုများကိုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းစဉ် များ တိုးမြှင့်ဆောင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးရေး နည်းပညာနှင့်စမ်းသပ်တိုင်းတာရေး ပစ္စည်းများပိုမိုအဆင့်မြင့်တင်ဆောင်ရွက်ရန်မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တု ဓာတ်ခွဲခန်းများတွင် ကွင်းဆင်းဒေသ များမှ ပေးပို့လာသော ဓာတ်သတ္တုနမူနာများ ဓာတ်ခွဲစမ်းသပ်နေမှုကို  ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ ကျောက်မျက် ရတနာပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြတိုက်ဆိုင်ရာအချက်အလက်များနှင့် ပြတိုက်ထိန်းသိမ်းစောင့် ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြတိုက်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)