ရပ်စောက် ဇွန် ၁၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့နှင့် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး ချပြရှင်းလင်းခြင်းအခမ်းအနားကို ဇွန် ၁၂ ရက် နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် မြေဩဇာအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်လှိုင်မြင့်က ဓာတ်မြေဩဇာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာ လုပ်ငန်းအဖွဲ့ဝင်များက ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)