ကျောက်ဆည် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းဘေးဝဲယာရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ မိုးတွင်းကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါအန္တရာယ် များမှ ကင်းဝေးမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှပြောပြီး
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်-မန္တလေးကားလမ်းကြီး တစ်လျှောက်ရှိ ရေမြောင်းများနှင့် ကြက်မင်းတွန် ရပ်ကွက် အမှတ်(၁)ရေမြောင်း၊ ပြည်လုံးနိုင်ရပ်ကွက်၊ မင်းရပ်ရပ်ကွက်အတွင်းရှိ အထက-၂ ကျောင်း လမ်းတစ်လျှောက် လမ်းဘေးဝဲယာမြောင်းများကို သန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ဂုဏ်ကျက်သရေတိုးတက်စေရေး ရေဆိုးထုတ် မြောင်းများအား သန့်ရှင်းခြင်းလုပ်ငန်းများအပြင် မြို့အဝင်/မြို့အထွက် နေရာများတွင် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပန်းအလှပင်များ၊ အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ မြို့တွင်း လမ်းဘေးဝဲ/ယာနှင့် လမ်းလယ် ကျွန်းများတွင် ပန်းအလှပင်များ စိုက်ပျိုးပုံဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)