မင်းဘူး ဇွန် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် လေးအိမ်တန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုမှ သင်တန်းကို အရင်းအနှီးနည်းပါးခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ ကုန်ကြမ်းလက်လှမ်းမီ ဝယ်ယူရရှိခြင်း၊ တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖွင့်လှစ်သင်ကြားပေးခဲ့ရခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများထဲကနေ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းနှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ ၂၀ အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းတွင် ဆပ်ပြာဆီအမျိုးမျိုး ပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း၊ သဘာဝခေါင်းလျှော်ရည် ပြုလုပ်နည်းများကို သင်တန်းနည်းပြများမှ စာတွေ့၊ လက်တွေ့ဖြင့် ၅ ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
ဇင်မာ