နေပြည်တော် ဇွန် ၁၃

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ရတနာလမ်းပေါ်ရှိ ဧရာဝဏ်ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်း ရတနာနှင်းဆီအိမ်ရာ အရောင်းခန်းမဆောင်သို့ ရောက်ရှိပြီး စီမံကိန်းကို နိုင်ငံတော်၏ ပံ့ပိုးမှုအပေါ် အခြေခံ၍ ရန်ကုန်မြို့အား မြို့ပြအဆင့်အတန်း မြှင့်တင်နိုင်ရန်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နိုင်ငံသားလုပ်ငန်းရှင်များ ပူးပေါင်း၍ စီမံကိန်းအောင်မြင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဧရာဝဏ်ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်မှုကို အသေးစိတ်ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက စီမံကိန်းနှင့်ပတ်သက်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း၊ ရပ်ဆိုင်းထားရသည့် လုပ်ငန်းများကြောင့် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံထားသည့် ဘဏ္ဍာငွေများ လည်ပတ်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှု၊ ပြန်လည်ရောင်းချနိုင်မှု၊ ရောင်းချရန်ကျန် တိုက်ခန်းများအတွက် ပုံမှန်ပြန်လည် ရောင်းချနိုင်မည့် နည်းလမ်းရှာဖွေခြင်းတို့အား စဉ်ဆက်မပြတ် နှိုင်းယှဉ်သုံးသပ်ကာ တိုက်ခန်းဝယ်ယူနေထိုင်သည့် ပြည်သူများ၏ ရေ၊ မီး၊ မိလ္လာအပါအဝင် အမှိုက်စွန့်ပစ်ခြင်းစနစ် စသည့်အခက်အခဲ လိုအပ်ချက်များ ဖြစ်ပေါ်လာပါကလည်း အိမ်ရာအုပ်ချုပ်ရေး ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်စေခြင်း၊ လိုအပ်ပါက ဌာနအနေဖြင့်လည်း  ပံ့ပိုးကူညီသင့်သည်များအား အလေးထား ကူညီဆောင်ရွက်ပေးရန် လိုကြောင်း မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အိမ်ရာစီမံကိန်းဝင်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) ၊ မြေတိုင်း       ရပ်ကွက်အမှတ် (၇၄) ၊ ပုဏ္ဏမီလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ Snow Garden Mixed Used Development စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး အကျိုးတူဆောင်ရွက်သည့်  စီမံကိန်းအနေဖြင့် မြေလျော်ကြေးများ စနစ်တကျပေးလျော်ရန်၊ ကြိုတင်ဝယ်ယူခွင့်၊ အကျိုးအမြတ်ခွဲဝေမှုနှင့် စီမံကိန်းအာမခံကြေး ပေးသွင်းမှုများအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရန်မှာကြားပြီး စီမံကိန်းဆောင်ရွက်မည့် မြေနေရာများကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ညနေပိုင်းတွင်  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၁) ၊ (၁-A) သန်လျင်တံတားအနီး၊ ရန်ကုန်မြစ်နှင့်  ပဲခူးမြစ်ဆုံနေရာတွင်  Yangon  Land  Co;Ltd မှ ဆောင်ရွက်သည့် Star City စီမံကိန်းသို့ရောက်ရှိပြီး မြေဧရိယာခွဲဝေမှု၊ သောင်ထွန်းမြေ ဧရိယာ၊ ငွေပေးသွင်းရမည့်ဧရိယာ‌၊ မြေသိမ်းလျှောက်ထားသောဧရိယာ၊ လွှဲပြောင်းမြေဧရိယာ စသည့်မြေယာကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကိုလည်း အချိန်နှောင့်နှေးမှုမရှိစေပဲ စဉ်ဆက်မပြတ် ဥပဒေအတိုင်း လုပ်ဆောင်ရန် လိုကြောင်းမှာကြားပြီး အဆင့်မြင့် လုံးချင်းအိမ်ရာ စီမံကိန်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်