နေပြည်တော်၊ ဇွန် ၁၃

 

၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းနားကို ယနေ့ နံနက် (၉) နာရီတွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ရုံ(B)၌  ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို ၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေးနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ယနေ့ဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို အနိုင်ရရှိသွားသည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် အတိုးတက်ဆုံး ဆုရရှိခဲ့သည့် နေပြည်တော်ကောင်စီ နယ်မြေအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ကို မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးလှဌေးက လည်းကောင်း၊ အမျိုးသား ပြိုင်ပွဲတွင် အတိုးတက်ဆုံး ဆုရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အသင်းတို့ကို မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အသင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လည်းကောင်း၊ ပြိုင်ပွဲတွင် တက်သစ်စ အားကစားသမားဆု ရရှိခဲ့ကြသူများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေးတို့ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ နှစ်သိမ့်ဆုရရှိခဲ့ကြသော ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် နေပြည်တော် ကောင်စီနယ်မြေအသင်းတို့ကို ငွေသားဆုကျပ် (၁) သိန်းစီနှင့် အမျိုးသမီး (၄) ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို ငွေသားဆုကျပ် (၁၅) သိန်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ငွေသားဆုကျပ် (၁၀) သိန်း၊ တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး အသင်းကို ငွေသားဆုကျပ် (၇) သိန်းနှင့် ဆုတံဆိပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက လည်းကောင်း၊ အမျိုးသား (၆) ပေါက်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းကို ငွေသားဆုကျပ် (၁၅) သိန်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းကို ငွေသားဆု ကျပ် (၁၀) သိန်း၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းကို ငွေသားဆုကျပ် (၇) သိန်းနှင့် ဆုတံဆိပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကလည်းကောင်း၊ အမျိုးသမီး အကောင်းဆုံးဆုရရှိသော အေးအေးသန်း (မန္တလေးတိုင်း ဒေသကြီး) နှင့် အမျိုးသားအကောင်းဆုံးဆုရရှိသော ဇော်ဝင်းမောင် (ရန်ကုန်တိုင်းဒေသကြီး) အသင်း တို့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ဦးမောင်းဟာတို့က ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၁) သိန်းစီကို လည်းကောင်း၊  အမျိုးသားတံခွန်စိုက်ဒိုင်းနှင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဦးခင်မောင်ဆွေတို့က တံခွန်စိုက်ဒိုင်းဆုများကိုလည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်