ခန့်ဇော် (ကျေးလက်)

 

နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME) အားလုံးကို ခြုံပြောရရင် MSME လုပ်ငန်းများရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့SME ကဏ္ဍက နိုင်ငံ GDP ရဲ့ (၃၀ ~ ၅၃) ရာခိုင်နှုန်း၊ အလုပ်အကိုင်အားဖြင့် (၅၀ ~ ၉၅) ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ SME တွေကိုဘယ်သူတွေက ကျားကန်နေတာလဲဆိုတာ အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်း တွေဖြစ်ပါတယ်။ Micro Enterprise နဲ့ SME တွေ အပြန်အလှန်ချိတ်ဆက် မှီခိုနေရသလို Micro Enterprise တွေက ကျေးလက်ဒေသ နေရာအများစု မှာ ရှိနေပါတယ်။

 

Micro Enterprise တွေကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန(SSID) က ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ SSID က ကြီးကြပ်ဆောင်ရွက်နေတဲ့ Micro Enterprise လုပ်ငန်းတွေက နိုင်ငံစီးပွားရေး အထူးသဖြင့် ကျေးလက်ထုတ်ကုန် ဖွံ့ဖြိုးရေးနဲ့ ကျေးလက်စီးပွားရေးအတွက် အရေးပါ သော်လည်း အားပေးမှုအလွန်နည်းနေတာကို တွေ့ရပါတယ်။ အရေးပါသော်လည်း အရာမရောက်သလို ဖြစ်နေပါတယ်။

 

ဘာ့ကြောင့် အရေးပါသလဲ၊ ရွာတွေမှာ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ လုပ်ကြတယ်။ ဘာတွေ ထုတ်လုပ်ရောင်းချပြီး ဘာတွေ ဝယ်သုံးကြသလဲ ကြည့်လိုက်ရင် ထုတ်လုပ်တာက စိုက်ပျိုးတာ၊ မွေးမြူတာပဲများပြီး Value Added အထိ မသွားနိုင်၊ လူသုံးကုန် စားသောက်ကုန် အများစု ဝယ်သုံးနေကြတယ်။ တကယ်တမ်း အများစု လူသုံးကုန်၊ စားသောက်ကုန်တွေက လုပ်လို့ရတယ်၊ သင်ပေးလို့ ရတယ်။ နည်းပညာ၊ ငွေကြေးအများကြီးမလိုပါ။ ဒါကို SSID က ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD)နဲ့ သမဝါယမ ဦးစီးဌာနတို့နဲ့ ချိတ်ပြီး ချေးငွေ အရင်းအနှီးအချို့ ရနိုင်ပါတယ်။ မရောင်းရရင်တောင် ဝယ်မသုံးရအောင်၊ ထွက်ငွေနည်းအောင် အနည်း ဆုံးအဆင့်အထိ ထုတ်လုပ်နိုင်တာကို တွေ့ရပါတယ်။

 

နိုင်ငံအတွင်း အသေးစားစက်မှု လက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုအခြေအနေ

 

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေနဲ့ Micro Enterprise ပိုင်းကို အဓိကထား လုပ်ကိုင်တာဖြစ်ပြီး အသေးစားနဲ့ အလတ်စား လုပ်ငန်းပေါင်း သိန်းကျော်ရှိနေပါတယ်။ SME မှတ်ပုံတင်ပြီး အဖွဲ့ဝင်ကတ် ထုတ်ပေးထားတဲ့ လုပ်ငန်း ၇၀၀၀၀ ကျော်နဲ့ Micro Enterprise အနေနဲ့ မှတ်ပုံတင်ပြီးလုပ်ငန်းပေါင်း ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းတွေ (Micro Enterprise)စုပေါင်းပြီး Micro မှတစ်ဆင့် Small၊ Small မှတစ်ဆင့် Medium၊ Medium မှတစ်ဆင့် Large စသည်ဖြင့် တဖြည်းဖြည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါ တယ်။

စက်မှုလက်မှုလုပ်ငန်းအနေနဲ့ မြင်းကောင်ရေ ၀ ဒသမ ၂၅ မှ ၅ အောက်နဲ့ အလုပ်သမားအနေနဲ့ သုံးဦးမှ ကိုးဦးအထိ သတ်မှတ်ထားရှိပြီး SME လုပ်ငန်းအမျိုးအစားအနေနဲ့ ၁၃ မျိုး ခွဲခြားထားပါတယ်။ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းအများစုမှာ စားသောက်ကုန်လုပ်ငန်းတွေဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်မှာ ပရိဘောဂလုပ်ငန်း တွေအများစုရှိပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေး တိုင်းဒေသကြီးတို့မှာ စားသောက်ကုန်လုပ်ငန်း တွေကို အများဆုံး မှတ်ပုံတင်ထားတာကို တွေ့ရပါ တယ်။ စားသောက်ကုန်လုပ်ငန်းက လုပ်ငန်း အမျိုးအစားအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းခန့်အထိ ရှိနေတာဖြစ်ပါတယ်။

 

လုပ်ငန်းရှင်ဘက်မှ ရရှိနိုင်သည့် အခွင့်အလမ်း

 

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်မယ်ဆိုရင် မှတ်ပုံတင်ကြေးအနေနဲ့ ငွေကျပ် ၁၀၀၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အခွင့်အလမ်းအနေနဲ့ ပြောရမယ်ဆိုရင် စားသောက်ကုန် လုပ်ငန်းတွေအနေနဲ့ မှတ်ပုံတင်ခြင်းအားဖြင့် စူပါ မားကတ်(Supermarket) တွေမှာ တင်ရောင်းတဲ့ခါ ဌာနကဓာတ်ခွဲစိစစ်ပြီး အတည်ပြုချက်ရရှိပြီး ဖြစ်တဲ့အတွက် တရားဝင်ဖြစ်စေတဲ့ အားသာချက်ရှိ ပါတယ်။ သို့ပေမယ့် လုပ်ငန်းတစ်ခုဆိုတာက လုံလောက်တဲ့ အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက် ရှိမှသာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

 

အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ဆိုရင် နိုင်ငံတော်ဘက်က အရင်းအနှီးနဲ့ နည်းပညာပိုင်း ပံ့ပိုးပေးနိုင်ဖို့လိုသလို ဈေးကွက် ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ လက်ရှိမှာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေနဲ့ အရင်းအနှီးထောက်ပံ့ပေးနိုင်ဖို့ နည်းလမ်း ရှာဖွေဆောင်ရွက်ဆဲ ကာလဖြစ်ပြီး နည်းပညာပိုင်းအရ အဆင့်မီနည်းပညာတွေ ပံ့ပိုးပေးနိုင်ဖို့ လူ့စွမ်းအား အရင်းအမြစ် (Human Resources-HR) တွေ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်၊၊

 

အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း စတင်လုပ်ကိုင် မယ့်သူတွေအတွက် နည်းပညာအနေနဲ့ အများကြီး မြင့်မားဖို့မလိုတဲ့အတွက် နည်းပညာပိုင်းအရ ပံ့ပိုး ပေးနိုင်မှုရှိတာကို တွေ့ရပါတယ်။ အရင်းအနှီး လိုအပ်ချက်အပိုင်းကို အထက်မှာ ပြောခဲ့သလိုပဲ သမဝါယမဦးစီးဌာနရဲ့ ချေးငွေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေတဲ့ မြစိမ်းရောင် စီမံကိန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက် သွားနိုင်ဖို့ လုပ်ပေးရမှာဖြစ်ပါတယ်။ ကုန်စည်ပြပွဲ တွေ ပြုလုပ်ပြီး လုပ်ငန်းရှင်တွေကို ကုန်ပစ္စည်းတွေ ပြသရောင်းချစေတဲ့ နည်းလမ်းမျိုးနဲ့ ဈေးကွက်ဖော် ဆောင်ပေးဖို့ လိုပါတယ်။

 

လုပ်ငန်းမျိုးတူတွေကို စုစည်းပြီး အသင်းအဖွဲ့ အနေနဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းအားဖြင့် ပိုမို အားကောင်းလာစေမှာ ဖြစ်ပါတယ်။ လုပ်ငန်းတူ ကိုးခုရှိရင် လုပ်ငန်းမျိုးတူစု ဖွဲ့စည်းလို့ ရပါတယ်။ ယွန်းလုပ်ငန်းမှာ ဌာနက ဦးဆောင်ပြီး ယွန်းလုပ်ငန်း ရှင်အသင်းဖွဲ့စည်းထားရှိသလို ရက်ကန်းလုပ်ငန်း ရှင်တွေ အသင်းကိုလည်း ဖွဲ့စည်းထားရှိပါတယ်။ ဌာနအနေနဲ့ ရက်ကန်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ၍ လက်ယက်ထည်တွေနဲ့ ယှဉ်ပြိုင်တဲ့ ဖက်ရှင်နဲ့ ဒီဇိုင်းပြိုင်ပွဲတွေ ပြုလုပ်ခဲ့သလို သင်တန်းပေးတာ၊ ဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေနဲ့ စာတမ်း ဖတ်ပွဲတွေ ပြုလုပ်တာမျိုးတွေ ဆောင်ရွက်ပေးသင့်ပါ တယ်။ သီးခြားဘတ်ဂျက်မရှိတဲ့ လုပ်ငန်းတွေကို ကုန်ကျစရိတ် သက်သာစွာ ကျွဲကူးရေပါ ဆောင်ရွက် နိုင်မယ့်နည်းလမ်းတွေကို စဉ်းစားဆောင်ရွက် ကြရမှာဖြစ်ပါတယ်။

 

သင်တန်းဖွင့်လှစ်ပို့ချပေးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း

 

သင်တန်းအနေနဲ့ ဌာနက ဖွင့်လှစ်ပေးလျက်ရှိရာမှာ ယွန်းပညာသင်တန်း၊ ရက်ကန်းသင်တန်းနဲ့ စားသောက်ကုန်၊ လူသုံးကုန်စက်မှုလက်မှုလုပ်ငန်း ဆိုင်ရာသင်တန်းဆိုပြီး သုံးပိုင်းရှိတာ တွေ့ရပါတယ်။ သင်တန်းဖွင့်လှစ်ပြီးတဲ့အခါ သင်တန်းနဲ့ သက်ဆိုင် တဲ့ စစ်တမ်းတွေ ကောက်ယူမှုရတာ၊ တစ်လ တစ်ကြိမ် M& E ဆောင်ရွက်တာတွေ့ရလို့ အားရမိ ပါတယ်။

 

ရက်ကန်းသင်တန်း

 

ရက်ကန်းသင်တန်းအနေနဲ့ ၁၀ တန်းအောင်တွေအတွက် ဒီပလိုမာပေးတဲ့သင်တန်း (ပုံမှန်သင်တန်း) နဲ့ အလယ်တန်း အောင်တွေအတွက် သင်တန်း (ကာလတိုသင်တန်း)ဆိုပြီး သင်တန်း နှစ်မျိုးရှိပါတယ်။ ပုံမှန်သင်တန်းမှာ ပညာအရည် အချင်းနဲ့ အသက်ကန့်သတ်ချက်ရှိပြီး ကျောင်း အဆောင်တွေပေးခြင်းနဲ့ သင်တန်းထောက်ပံ့ကြေးတွေ ပေးခြင်းတွေလည်း ရှိပါတယ်။ ဆောင်းဒါး ရက်ကန်းကျောင်းအနေနဲ့ ပုံမှန်သင်တန်းတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် သင်တန်း ငါးမျိုး ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူဦးရေ စုစုပေါင်း ၃၂ ဦး တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။ ဒီပလိုမာဘွဲ့ရရှိသူတွေအနေနဲ့ ရက်ကန်းသင်တန်းကျောင်းမှာ ဆရာ ဆရာမတွေအဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်သလို ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကိုင်နိုင်တာလည်း တွေ့ရပါတယ်။ အလယ်တန်းအောင် သင်တန်းဆင်းတွေ အနေနဲ့ကတော့ မိတ္ထီလာနဲ့ ရန်ကုန်မှာရှိတဲ့ တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံတွေမှာ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နိုင်ကြပါတယ်။ ယနေ့အချိန် အထိစာရင်းအရ ရန်ကုန်မြို့ သမိုင်းနဲ့ မိတ္ထီလာမြို့ရှိ တပ်မတော် ချည်မျှင်နဲ့ အထည်စက်ရုံ သို့ ၃၀ ရာခိုင်နှုန်းခန့်၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံတွေ မှာ ၃၅ ရာခိုင်နှုန်းခန့် ဝင်ရောက်လုပ်ကိုင်လျက် ရှိတာသိရပါတယ်။ စက်ရက်ကန်း/ လက်ရက်ကန်းနဲ့ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်သူတွေကို ပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးပေးလျက်ရှိတာ တွေ့ရပါတယ်။

 

တစ်နိုင်ငံလုံးအနေနဲ့ ဆောင်းဒါးရက်ကန်း(သိပ္ပံ) အပါအဝင် ရက်ကန်းသင်တန်းကျောင်းပေါင်း ၁၄ ကျောင်းရှိပြီး ဒီပလိုမာသင်တန်း ၁၅ ဦး၊ အထည် လိပ်ကျွမ်းကျင်သင်တန်းသား ၁၁၀၊ လက်ရက်ကန်း သင်တန်း ၇၁ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိ ရပါတယ်။

 

သုတေသနပိုင်းအနေနဲ့ နှစ်လ တစ်ကြိမ် တီထွင် ဆန်းသစ်မှုတွေကို စမ်းသပ်ပြီး သုတေသနတွေကို ရုံးချုပ်သို့ တင်ပြရပြီး တီထွင်ဆန်းသစ်မှုအနေနဲ့ လက်ငင်ချည်၊ ရွှေချည်ငွေချည်ထိုးတွေ၊ ဂျပ်ခုတ် ထည်များကိုလည်း သုတေသနပြုလုပ်၍ ဈေးကွက် ဝင်အထည်တွေဖြစ်စေရေး ဆောင်ရွက်သွားဖို့ စီစဉ် လျက်ရှိတာ သိရပါတယ်။

 

ချည်ခိုင်အားနဲ့ ဆေးတာရှည်ခံအောင် ဆောင်ရွက်ရန်အချက်တွေကို စမ်းသပ်ခြင်းတွေဆောင်ရွက်လျက်ရှိသလို ရိုးရာမပျက်အောင် တီထွင်ဆန်းသစ်မှုတွေ ဆောင်ရွက်လျက်ရှိခြင်း၊ သင်တန်းကျောင်းဆင်း လက်ရာတွေကိုလည်းဒီဇိုင်း ပြပွဲပြိုင်ပွဲတွေ ပြုလုပ်၍ ယှဉ်ပြိုင်စေခြင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း ယှဉ်ပြိုင်စေခြင်းတွေဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက် ခြင်းဖြင့် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ သင်တန်းသူတွေအနေနဲ့ အသိအမြင်ဗဟုသုတနဲ့ လုပ်ငန်းနယ်ပယ်ကို သိရှိ နိုင်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာဖြစ်ပါတယ်။ ချည်ခံအားတိုင်းတာသည့်စက်နဲ့ နေရောင်ခံ အားစမ်းသည့်စက်တွေ ကျောင်းတိုင်းတွင်ရှိပြီး စမ်းသပ်မှုတွေလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုလက်မှုသင်တန်း

 

စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်မှုလက်မှု သင်တန်းတွေကို ပညာအရည်အချင်းအနေနဲ့ အလယ်တန်းအောင် သတ်မှတ်ထားပါတယ်။ စားသောက်ကုန်သင်တန်းဟာ သီးနှံတွေအများဆုံး ထွက်တဲ့ ရှမ်းပြည်နယ်နဲ့ ပြင်ဦးလွင်တို့မှာ ဒေသနဲ့ ကိုက်ညီတဲ့အတွက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ လူသုံးကုန်အနေနဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းတွေကို သင်ကြားပေးပြီး စက်မှုလက်မှုလုပ်ငန်းအနေနဲ့ သံဂဟေဆက်နည်း၊ မော်တော်ဆိုင်ကယ်ပြင် သင်တန်းနဲ့ အိမ်တွင်း မီးရိုက်သင်တန်းတွေ သင်ကြားပေးပါတယ်။ သင်တန်းတက်ရောက်လိုသူ များပြားသော်လည်း သင်ကြားပြသပေးမယ့် နည်းပြအင်အား နည်းပါးတာ၊ သင်တန်းပြီးမြောက်သော်လည်း လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ငွေကြေးအရင်းအနှီး ထောက်ပံ့မပေးနိုင်တာတွေကြောင့် အကျိုးသိပ် မများသလို ဖြစ်နေတာတွေ့ရပါတယ်။ သင်တန်း တစ်ကြိမ်မှာ အနည်းဆုံး သင်တန်းသားဦးရေ ငါးဦးကို ရင်းနှီးထောက်ပံ့ငွေအဖြစ် သင်တန်းအတွက် အသုံးစရိတ်ခေါင်းစဉ်အောက်မှ ထုတ်ချေးပေးပြီး တစ်နှစ် အကြာမှာ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ် တဲ့စနစ်ကို ဆောင်ရွက်ပါက ပိုမိုအကျိုးရှိမယ်လို့ ယူဆမိပါတယ်။

 

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဒေသအလိုက် ထုတ်လုပ်ရောင်းချသုံးစွဲနိုင်ဖို့ လွန်စွာ အရေးကြီးပါတယ်။ နိုင်ငံတကာက တင်သွင်းနေရ တာတွေ လျှော့ချသင့်ပြီး ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်နေတာမို့ ကုန်ကြမ်း အလွယ်တကူရှိပြီး သန့်ရှင်းလတ်ဆတ်အန္တရာယ် ကင်းတဲ့ စားသောက်ကုန်တွေ များများထုတ်ပြီး ပြည်ပတင်သွင်းမှုကို လျှော့ချသင့်ပါတယ်။

 

သင်ကြားလေ့ကျင့်မှုစင်တာ ဖွင့်လှစ်ထားရှိမှုနှင့် အကျိုးပြုနိုင်မှု

 

ဌာနမှ သင်တန်းပေးသော်လည်း လုပ်ငန်းရှင် ထွက်ပေါ်လာမှုမှာ နည်းပါးသဖြင့်ဌာနမှ မူဝါဒပြောင်း၍ အလုပ်လုပ်ချင်သူတွေကိုသာ ပို့ချပေးသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုမှစတင် လုပ်ကိုင်မယ့်လုပ်ငန်းရှင်တွေကို သင်ကြားပို့ချပေးခြင်းနှင့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုသည့်လုပ်ငန်းရှင်တွေကို သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လုပ်ငန်းရှင်ဘက်မှ လိုချင်သည့် နည်းပညာကိုသာ ဌာနဘက်မှ သင်ကြားပေးခြင်းနှင့် နည်းပညာဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်း၊ အောင်မြင်နေသော လုပ်ငန်းရှင်များဆီသို့ လေ့လာ ရေး စေလွှတ်ပေးခြင်းနှင့် ဌာနရှိဓာတ်ခွဲခန်းတွင် စမ်းသပ်၍ ကောင်းမွန်ပါက မှတ်ပုံတင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်နယ်/ တိုင်းဒေသကြီးများတွင် သင်ကြားလေ့ကျင့်မှုစင်တာ (Incubation Center) များ ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။ လုပ်ငန်းရှင်များဘက်မှ နည်းပညာများ တောင်းခံခြင်းများရှိသလို ပြည်နယ်/ တိုင်းဒေသကြီး များတွင် သင်တန်းများ ကြော်ငြာသဖြင့် လာရောက် ဆက်သွယ်ခြင်းများလည်း ရှိပါသည်။ ဌာနမှ နှစ်စဉ် သင်တန်းလျာထားချက်များအလိုက် မီဒီယာမှ တစ်ဆင့် ကြော်ငြာကာ ဖွင့်လှစ်လျက်ရှိပြီး ရန်ကုန် နှင့် မန္တလေးတို့တွင် ဌာနမှ သီးခြားခေါ်ယူစရာမလိုဘဲ တက်ရောက်လိုသော သင်တန်းသားများ များပြား လျက်ရှိပြီး အောင်မြင်မှုရှိသည်ကို တွေ့ရသည်။ သင်ကြားလေ့ကျင့်မှုစင်တာကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဖွင့်လှစ်သင်ကြားပြီး လုပ်ငန်းရှင်များ မွေးထုတ်ပေးလျက်ရှိသည်။

 

အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေ ရေးအတွက် နည်းလမ်းအသွယ်သွယ်နဲ့ ဆောင်ရွက် လျက်ရှိသလို ဥပဒေ၊ နည်းဥပဒေနဲ့ မူဝါဒပိုင်းအရ လည်း ခိုင်ခိုင်မာမာ ချမှတ်ထားရှိပြီးဖြစ်တာကို တွေ့ရပါတယ်။ ပြည်တွင်း သယံဇာတ ပစ္စည်းတွေကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း၊ ရိုးရာ လက်မှုပညာတွေ ထိန်းသိမ်းခြင်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့ အခြေခံမူတွေ ပါဝင်တာ တွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက SME ဥပဒေနဲ့ ဌာနရဲ့ဥပဒေအကြား ကွာဟနေတဲ့ အချက်ဖြစ်ပါတယ်။ SME ဥပဒေ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမတည်ငွေနဲ့ လုပ်သားအင်အားပေါ်မူတည်၍ သတ်မှတ်ထားရှိပြီး ဌာနရဲ့ ဥပဒေမှာ ထုတ်လုပ်နိုင်စွမ်း (မြင်းကောင် ရေအား)နဲ့ လုပ်သားအင်အားအပေါ်မူတည်ပြီး သတ်မှတ်ထားရှိတာဖြစ်ပါတယ်။ မြေပြင်နဲ့ ကိုက်ညီ မှုရှိအောင် ဥပဒေ၊ နည်းဥပဒေကို တဖြည်းဖြည်း ပြင်ဆင်သွားနိုင်ဖို့ စဉ်းစားကြရပါမယ်။ မည်သို့ဆိုစေ ဥပဒေအရ သတ်မှတ်ထားတဲ့အချက်တွေကိုတော့ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။

 

အသေးစား စက်မှုလက်မှုလုပ်ငန်းတွေ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးရေးကို စဉ်းစားကြရာမှာ ကျေးလက်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖြစ်လာစေဖို့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)ကဲ့သို့ ပုဂ္ဂလိက-ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့ရာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရ မှာ ဖြစ်ပါတယ်။

 

တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ ဆန်၊ ဂျုံ၊ ပြောင်းနဲ့ စိုက်ပျိုးရေးသီးနှံတွေကို အခြေခံပြီး ယခင်နှစ်တွေ မှာ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အကောင်အထည်ဖော်နိုင်ဖို့ လည်း လျာထားကြိုးပမ်းလျက်ရှိပေမယ့် ကျေးရွာ တွေအထိ ကွင်းဆင်း၍ စနစ်တကျ ဆောင်ရွက်ရန် အတွက် ဝန်ထမ်းအင်အား အခက်အခဲရှိနေတာ တွေ့ရပါတယ်။ ခရိုင်အဆင့်အထိ ရုံးတွေတိုးချဲ့ ဖွင့်လှစ်သွားဖို့ ရှိတဲ့အတွက် ဝန်ထမ်းအင်အား အခက်အခဲကတော့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဌာနအနေနဲ့ ဘတ်ဂျက်မှာ လုပ်ငန်းလျာထားပြီး စီမံကိန်းရေးဆွဲဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန် မယ်လို့ ရှုမြင်မိပါတယ်။ လက်ရှိမှာတော့ တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ ပြည်နယ်/တိုင်းဒေသကြီးရှိ ဒေသ ထွက်ကုန်တွေအလိုက် သုတေသနလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပမာအနေဖြင့် မကွေးတိုင်းဒေသကြီးမှာ ဆီး၊ မန်ကျည်းတွေပေါ သဖြင့် ဌာနမှ ဆီး၊ မန်ကျည်း ဖျော်ရည်သင်တန်းတွေ ပို့ချခဲ့ပြီး လုပ်ငန်းရှင်တွေမှ ဆီး၊ မန်ကျည်းဖျော်ရည် တွေကို ထုတ်လုပ်ပြီး နိုင်ငံခြားအထိ တင်ပို့ပေးနိုင် ပြီဖြစ်ပါတယ်။ ပြင်ဦးလွင်မှာ တစ်ချိန်တုန်းက  မက်မန်းသီးတစ်မျိုးသာ ထုတ်လုပ်နိုင်ပြီး ဌာနမှ သင်တန်းတွေပို့ပေးသဖြင့် ယိုစုံတွေ ထုတ်လုပ်နိုင် သဖြင့် မက်မန်းလုပ်ငန်းရှင်မှ ယိုစုံလုပ်ငန်းရှင်တွေ ဖြစ်လာတာ သိရတဲ့အတွက် အားတက်မိရပါ တယ်။ ဌာနနဲ့ MoU ရေးထိုးထားတဲ့ Asia Crank Link အဖွဲ့ဟာ ဂျပန်နိုင်ငံလေဆိပ်မှာ မြန်မာနိုင်ငံ၏ ရှောစောင်တဘက်တွေနှင့် သစ်သားနဲ့ ပြုလုပ်ထား တဲ့ လက်မှုထည်တွေကို ရောင်းချလျက်ရှိပြီးလုပ်ငန်း ရှင်တွေ အောင်မြင်သဖြင့် အလုပ်အကိုင် အခွင့် အလမ်းတွေ ပိုမိုရရှိလာတာ၊ အမရပူရရှိ ပန်းပုရုပ်ထု လုပ်ငန်းတွေဟာ နိုင်ငံခြားတင်ပို့ဖို့ အခက်အခဲ ရှိသဖြင့် ဌာနမှ ချိတ်ဆက်ဆောင်ရွက်မှုတွေ ပြုလုပ် ပေးနိုင်ခဲ့ရာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်လျက် ရှိတာတို့ကို တွေ့ရတာ အားရစရာပါပဲ။

 

နိုင်ငံတော်အကြီးအကဲနဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ ဌာနရဲ့ လုပ်ငန်းတွေကို အသေးစားစက်မှုလက်မှု ဦးစီးဌာန၊ သမဝါယမဦးစီး ဌာနနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး ချေးငွေမရရှိလျှင်သော်မှ ရသလောက်ဖြင့် Pilot စီမံကိန်းတွေ ဆောင်ရွက်သွား နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့ သင့်လျော်တဲ့ ကျေးရွာတွေကို ရွေးချယ်ထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သက်ဆိုင်သူတွေ/ ဌာန ဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရင် ပိုမိုခရီးရောက်မှာ ဖြစ်ပါတယ်။ စံပြကျေးရွာတွေ တည်ထောင်နိုင်ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှ သာလျှင် ကျေးလက်ကုန်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေ၊ အသေး စားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွေပိုမိုဖွံ့ဖြိုး လာစေမှာ ဖြစ်ပါတယ်။ မူဝါဒပိုင်းဆိုင်ရာအနေနဲ့ ကတော့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အရင်းအနှီးနဲ့ ဈေးကွက်ပိုင်းကို သမားရိုးကျမဟုတ်သော၊ အောင် မြင်မှုကြိုးစားမှု အလိုက်သော်လည်းကောင်း၊ သွင်း ကုန်လျှော့ချနိုင်မှု အရသော်လည်းကောင်း၊ တီထွင် ဆန်းသစ်မှု အရသော်လည်းကောင်း သင့်တော်သလို စံသတ်မှတ်ချက်ထားပြီး နည်းလမ်းတွေ ရှာဖွေဖော် ထုတ်၍ နိုင်ငံတော်ဘက်မှ ပံ့ပိုးသွားရမည်ဖြစ် ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။ ။

 

ရည်ညွှန်းကိုးကားချက်

-      Myanmar Micro, Small, and Medium Enterprise Survey 2019 Descriptive Report

-      အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၅)

-      အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနည်းဥပဒေ (၂၀၁၆)

-      အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေး ဥပဒေ (၂၀၁၁)