စဉ့်ကိုင် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ် မြို့ဝန်ကုန်းကျေးရွာအုပ်စု ရဲစုကျေးရွာ၌ Cash For Work (CFW) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ရာ အဆိုပါကျေးရွာမှ ကော်မတီဝင်များအတွက် Cash For Work (CFW) စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ဇွန် ၁၃ ရက် နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာစန်းက မိမိတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၀ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်သဖြင့် စီမံကိန်း၏ ရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် သင်တန်းပို့ချပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash For Work (CFW) စီမံကိန်းတာဝန်ခံ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်တင်တင်ခိုင်က ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များ၊ ဖြည့်သွင်းရမည့်ပုံစံများနှင့် လုပ်အားခပေးချေခြင်းတွင် ထားရှိရမည့်မှတ်တမ်းများ ဖြည့်သွင်းနည်းကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့ ရဲစုကျေးရွာမှ ကော်မတီဝင်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် တစ်ရက်တာဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)