ပဲခူး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများ သက်သောင့်သက်သာစွာ ဘုရားဖူးမြော်နိုင်ရေးနှင့် ဘာသာရေးပွဲများ ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးမြို့ရှိ အထင်ကရ ဘုရား၊ ပုထိုး၊ စေတီများနှင့် သာသနိကအဆောက်အအုံတို့တွင် ဓာတ်လှေကားနှင့် စက်လှေကားများ တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သာသနာတော် စည်ပင်တိုးတက်ပြန့်ပွားစေရေးနှင့် အဓွန့်ရှည်တည်တံ့ ခိုင်င်မြဲစေရေး ပဋိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ဆား စသည်တို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အစဉ်ထောက်ပံ့ လှူဒါန်းလျက် ရှိသည့်အပြင် သာသနာရေးဆိုင်ရာ စာမေးပွဲများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေး ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိသည်။
အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ သက်တော်ကြီးရင့်သည့် ဆရာတော်ကြီးများ၊ သက်ကြီးဘိုးဘွားများနှင့်မသန်စွမ်းသူများ အဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ပဲခူးမြို့ သမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် လူ ၁၂ ယောက် အတက်/အဆင်း ပြုလုပ်နိုင်သော ဓာတ်လှေကား တစ်စင်း တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပြီး ထပ်မံ၍လည်း သမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီမြတ်ကြီး၏ အနောက်ဖက်စောင်းတန်း၌ စက်လှေကားတပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သာသနာရေးဆိုင်ရာ ကျင်းပသော စာမေးပွဲများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ရေး ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီးအား အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် ဓာတ်လှေကား တစ်စင်းပါ တပ်ဆင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ပဲခူးမြို့၏အထင်ကရ သမိုင်းဝင်စေတီများဖြစ်သည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီးနှင့် ဆံတော်ရှင်ရွှေအောင်ရွေး စေတီတော်မြတ်ကြီးတို့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ သက်တော်ကြီးရင့်သည့် ဆရာတော်ကြီးများ၊ သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းများ အဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရေး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ဓာတ်လှေကားများ တပ်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)