ပင်လုံ        ဇွန်       ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံတက္ကသိုလ်တွင် ၂၀၂၁/၂၀၂၂ ခန့် နည်းပြ/သရုပ်ပြ သစ်လွင်ဆရာ ဆရာမများအား ကြိုဆိုတွေ့ဆုံခြင်းကို ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောင်းသား ကျောင်းသူများကို မိမိ၏ သားသမီးလို သဘောထား၍ စာတတ်အောင် သင်ပေးရန်နှင့် စာမေးပွဲဖြေနိုင်အောင် ဆွဲဆောင်ပေးရန်၊ ကျောင်းသား ကျောင်းသူများ တစ်ယောက်သော်လည်းကောင်း၊ နှစ်ယောက်သော်လည်းကောင်း စာသင်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေး အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပင်လုံတက္ကသိုလ် ဘက်စုံအသုံးပြုရန်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က လက်ခံရယူသည်။

 

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ပင်လုံတက္ကသိုလ်အတွက် ထောက်ပံ့ပစ္စည်းပေးအပ်ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူပြီး ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်လွင်ဆရာ ဆရာမ ၉၀ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်ပေါင်းစုံ အသက် ၁၉ နှစ်အောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်ကာ ဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က တတိယဆုပူးတွဲရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသင်းနှင့် တာချီလိတ်ခရိုင် အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ် သုံးသိန်းစီကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဒုတိယဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် ရှစ်သိန်းကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အကောင်းဆုံးဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်နှင့် ငွေသားဆု ငါးသောင်းစီကို လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ငွေသားကျပ် ၁၀ သိန်းနှင့် ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)