ရန်ကုန် ဇွန် ၁၄

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၄၂) သင်တန်းဆင်းပွဲနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားများ ယနေ့နံနက်က ကျင်းပသည်။

 

ဦးစွာ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၄၂) သင်တန်းဆင်းပွဲကို နံနက်(၇)နာရီက မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်း သင်တန်းခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းပြီး ယခုကဲ့သို့သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်လေ့ကျင့် ပျိုးထောင်ပေးနေခြင်း ဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် ဘာသာရပ်များ ဆည်းပူးလေ့လာယုံဖြင့် ကျေနပ်မနေဘဲ ယခုထက်ပိုမိုကျွမ်း ကျင်တတ်မြောက်အောင် လက်လှမ်းမီသရွေ့ ထပ်မံဆည်းပူး လေ့ကျင့်သွားကြရေး၊ ပြည်သူများနှင့် ဖော်ရွေပျူငှာစွာ ထိတွေ့ဆက်ဆံပြီး မိသားစုစိတ်ဓာတ်ဖြင့် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရေးနှင့် အရည်အချင်းကောင်းများနှင့် စွမ်းဆောင်ရည်မြင့်မားရန် အထူးကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့တော်ဝန်မှ သင်တန်းဆင်းအောင်လက်မှတ်များနှင့် ထူးချွန်ဆုများအား အသီးသီးပေးအပ်ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနအသီးသီးမှ ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ (၅၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မြို့တော်ဝန်သည် နံနက် ၈ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ ကျင်းပသော ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ (၂၆)ဦး တက်ရောက်ကြပြီးသင်တန်းကာလမှာ ရက်သတ္တပတ် (၅)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်