မကွေး ဇွန် ၁၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၉၄)ရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် (၁၉၄၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယခု ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၉၄)ရွာတွင် ကျေးရွာ (၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီ ထောက်ပံ့၍ ပြည်သူထည့်ဝင်ငွေများ ပါဝင်လျက် ဖွံ့ဖြိုးရေးစီမံချက်များ ဖော်ထုတ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်ထံက သိရသည်။

 

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၉၄)ရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေ၊ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း၊ ကျေးရွာတွင်းလမ်းလုပ်ငန်းများ၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ငန်းခြင်းလုပ်ငန်း၊ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း အစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးကူညီမှု၊ မြေပြင်ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း၊ အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၁၉၄)ရွာရှိ အိမ်ခြေ (၃၂၄၇၂)၊ အိမ်ထောင်စု (၃၃၈၃၉)၊ လူဦးရေ (၁၄၅၇၅၂)ဦးခန့် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

မယ်သင်း