ပွင့်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မိုးစပါးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဇွန် ၁၅ ရက် နံနက်ပိုင်းက စတင်ပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေ များကို ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေ စိုက်ခင်းများ အရောက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်ရေး စနစ်တကျဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံ တောင်သူများအနေဖြင့် လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ရက်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် စပါးပျိုးထောင်ခြင်းများကို လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက၊ ဆီထွက်သီးနှံ ၉၆၆၅ ဧက၊ ပဲမျိုးစုံ သီးနှံ ၅၉၉၁ ဧက၊ ချည်မျှင်ရှည်ဝါ ၂၄၄၉ ဧက၊ စားဖိုဆောင်သီးနှံ ၄၄၃၄ ဧက၊ အခြားပရဆေးပင်နှင့် ကျွဲနွားအစာ ၅၃၉၂ ဧက စုစုပေါင်း မိုးသီးနှံဧက ၉၇၀၂၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ မိုးသီးနှံစာရင်းအရ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)