ပဲခူး ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန် ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် သွင်းအားစုများ လျှော့ချ၍ တစ်ပိုင်တစ်နိုင် တိရစ္ဆာန်များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာ ထုတ်လုပ်ခြင်း၊ ပိုက်ဆံလျှော်စိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စပါးစိုက်ပျိုး၍မရသည့် မြေနေရာများတွင် စားဖိုဆောင်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ၊ နေကြာကဲ့သို့ ဆီထွက်သီးနှံများ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေလှောင်တမံ ၃၉ ခုရှိပြီး ဆည်ရေသောက်ဧရိယာများ၌ တစ်နှစ် သုံးသီး အပြည့်အဝ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးနိုင်သည့် မြေနေရာများအားလုံး မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ဒေသခံတောင်သူ တွက်ချေကိုက်သည့် ဒေသကြက် မွေးမြူရေးလုပ်ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး မွေးမြူနိုင်ရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆောင်ရွက်မှု စီမံချက်များကို Power Point ဖြင့် တင်ပြကြရာ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြိး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။
တင်စိုး(ပဲခူး)