မြစ်ကြီးနား ဇွန် ၁၅
၂၀၂၂ ခုနှစ် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရှိ ခေတ်မီစံပြကျေးရွာ သုံးရွာမှ သမဝါယမအသင်းသား တောင်သူများအတွက် လယ်ယာသုံး ထွန်းစက်များ အပါအဝင် သမဝါယမ ကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်နိုင်ရေးတို့အတွက် ငွေကျပ် သိန်း ၁၂၆၀ ကျော်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ပံ့ပိုးပေးအပ်ခဲ့သည်။
ပြည်နယ်သမဝါယမဦးစီးဌာနရုံး၊ ဆွတ်ဂျာအိန်ခန်းမ၌ ပြုလုပ်သည့် အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “သမဝါယမအသင်းသား တောင်သူများအနေဖြင့် ချေးငွေများကို အသင်းအဖွဲ့စိတ်ဓာတ်ကို အခြေခံ၍ မိမိတို့ကျေးရွာနှင့် အသင်းအတွက် အကျိုးရှိရှိ ထိရောက်စွာ စုပေါင်းစိုက်ပျိုး ထုတ်လုပ် ရောင်းချခြင်းအားဖြင့် ပိုမိုအကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ချောစုလှိုင်က ခေတ်မီစံပြကျေးရွာ (SMART Village) ထည်ထောင်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အသင်းသား တောင်သူများထံ စက်ကိရိယာများ၊ ချေးငွေများ ပံ့ပိုးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်း နယ်မြေ(၈) စံပြကျေးရွာ၊ မိုးကောင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာရှိ ရတနာလှိုင်နှင့် ဗန်းမော်မြို့နယ်၊ မံရေးစံပြကျေးရွာရှိ မြတာပိန် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ တာဝန်ရှိသူများထံ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လယ်ယာသုံး ထွန်စက် ခြောက်စီးအတွက် တန်ဖိုးငွေကျပ် ၈၉၀၅၄၀၀၀ နှင့် သမဝါယမ ကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်ရေး အသင်းသုံးသင်းမှ တောင်သူများ၏ လယ်ယာမြေဧကပေါင်း ၁၂၄ ဒသမ ၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀ နှုန်းဖြင့် ပံ့ပိုးချေးငွေ ကျပ် ၃၇၃၅၀၀၀၀ တို့ဖြင့် စုစုပေါင်း လယ်ယာ သုံးစက်ကိရိယာနှင့် ပံ့ပိုးချေးငွေ ကျပ် ၁၂၆၄၀၄၀၀၀ တို့ အသီးသီးပေးအပ်ကြရာ သမဝါယမအသင်းသား တောင်သူများကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်သမဝါယဦးစီးဌာနနှင့် သမဝါယမ အသင်းသားများ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ အသင်းသားများ၏ ထုတ်ကုန် ပစ္စည်းများနှင့် လယ်ယာသုံးထွန်စက်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)