နေပြည်တော်  ဇွန်  ၁၅

 

အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးရေးဗဟိုဌာန ICIMOD ၏ (၅)ကြိမ်မြောက် ကာလလတ် လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၆) ပူးပေါင်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Amara Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ၂၀၂၂ ခုနှစ် ဧပြီ (၂၈)ရက်တွင် ကျင်းပခဲ့သည့် ICIMOD ၏ အုပ်ချုပ်သူများအစည်းအဝေး၌ အတည်ပြုခဲ့ပြီးဖြစ်သည့် တောင်တန်းဒေသများ ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာ (၂၀၃၀)ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကာလလတ်လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၆)ကို အဖွဲ့ဝင်နိုင်ငံအသီးသီး၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပ၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် မြန်မာနိုင်ငံ အတွက် အရေးပါသည့် ဦးစားပေး လုပ်ငန်းနယ်ပယ်ဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း၊ ICIMOD နှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအနက် ဟိမဝန္တာအရှေ့ဖျားဒေသ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ပါဝင်ပါကြောင်း၊ အဆိုပါ အစီအစဉ်မြန်မာ၊ တရုတ်နှင့် အိန္ဒိယ သုံးနိုင်ငံပါဝင်သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုအပေါ် အလိုက်သင့် ပြောင်းလဲနေထိုင်ရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရရှိနိုင်ရန် ရည်ရွယ်၍ ဦးတည် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့သော လူမှုဘဝဖွံဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ပူတာအိုမြို့နယ်တွင် ဒေသခံအခြေပြု သတင်းအရင်းအမြစ်ဌာနကို တည်ထောင်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ICIMOD အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များက ကာလလတ်လုပ်ငန်း စီမံချက်ရေးဆွဲရေးမူဘောင်၊ ဦးစားပေးလုပ်ငန်း နယ်ပယ်ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့်လုပ်ငန်းများ ထည့်သွင်းနိုင်ရေးအတွက် အကြံပြုချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ နီပေါနိုင်ငံအခြေစိုက် ICIMOD မှ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ ICIMOD ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ရန်ကုန်/မန္တလေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)