နေပြည်တော်၊ ဇွန် ၁၅

မိုးညှင်းမြို့၊ ဘားအံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် လွိုင်လင်မြို့နယ် တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန် ၁၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်၊ ရန်ကင်းရပ်၊ မိုးညှင်း-ဟိုပင်သွားကားလမ်းတွင် ဆိုင်ကယ် ၃ စီးနှင့်အတူ အောင်ဇော်ဇော်လင်း (ခ)မောင်ငယ်၊ လင်းအောင်၊ မလဝိုင်း(ခ)အဝိုင်းနှင့် မချောစိန်တို့ ၄ ဦးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၅၅၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ကော့ထမလိန်းကျေးရွာအုပ်စု၊ ပိုင်ရန်းကျေးရွာအနီး၊ နောင်လုံ-ပိုင်ရန်းသွားကားလမ်းတွင် ဖြိုးဝေအောင် မောင်းနှင်ပြီး ချစ်ရဲကျော် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်း ကောင်း။

 

အလားတူ ဇွန် ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်၊ (ဋ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် Honda Fit အမျိုးအစားမော်တော်ယာဉ်တစ်စီး နှင့်အတူ မောင်ရွှေမြင့်၊ ကျော်ကိုကိုဝင်း(ခ)အရှည်ကြီးနှင့် မလှလှနွယ် တို့ ၃ ဦးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇) ရပ်ကွက်၊ ပင်လုံလမ်းမပေါ်၌ ကျော်သောင်း(ခ)စည်သူ ကို TOYOTA WISH အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ ဇွန် ၁၃ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာရှိ အိုက်ထွန်း(ခ)အိုက်ခမ်း ၏ဂိုဒေါင်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ ဂိုဒေါင်စောင့် အိုက်ကျိုင်း(ခ) ကျိုင်းဟွန်၊ အိုက်ကျိုင်း(ခ)အိုက်ထွင်း၊ စိုင်းနုတ်(ခ)စိုင်းဗစ်နှင့် အိုက်အွန် တို့ ၄ ဦးကို တွေ့ရှိရပြီး ဂိုဒေါင်အတွင်းရှိ MITSUBISHI PAJERO အမျိုးအစားမော်တော်ယာဉ်နောက်ခန်းအတွင်းမှ ကတ်တမင်း ကီလို ၃၀ နှင့် ဂိုဒေါင်အတွင်းမှ ပွိုင့်-၂၂ ပြောင်းရှည်သေနတ် ၁ လက် (မှန်ပြောင်းတပ်လျက်)၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်နှင့် မော်တော်ဆိုင်ကယ် ၄ စီးတို့ကိုလည်းကောင်း။

 

အလားတူ ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်- တောင်ကြီးသွားကားလမ်းတွင် စိုင်းရွှေအောင်(ခ)စိုင်းစိန်ပန်း မောင်းနှင်ပြီး အိုက်ထွန်း လိုက်ပါလာသည့် PAJERO အမျိုး အစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)