နေပြည်တော်၊ ဇွန် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဧရိယာစတုရန်းမိုင် ပေါင်း(၂,၇၂၄)ကျော်နှင့် ဆည်၊ တာ၊ တမံ နှင့် ကန်ပေါင်း(၃၂)ခုရှိကာ ရာသီဥတုမျှတ၍ မြေဆီဩဇာကောင်းမွန်သည့် နေပြည်တော် ကောင်စီနယ်မြေ၌ စိုက်ပျိုးမြေဧရိယာ ဧကသုံးသိန်းနှစ်သောင်းကျော်တွင် သီးနှံများ စိုက်ပျိုးထုတ်လုပ် လျက်ရှိသကဲ့သို့ မွေမြူရေးလုပ်ငန်များအတွက်ပါ အခြေခံကောင်းများရှိနေကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူ ရေးကိုအခြေခံသည့် ကုန်ချောထုတ် စက်မှုလုပ်ငန်းများဖွံ့ဖြိုး လာရေးအတွက်လည်း အခွင့်အလမ်း များစွာရှိနေကြောင်း၊ နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရည်မှန်းချက်များအောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး နှင့် ဆက်စပ်ဆောင်ရွက် ပေးလျက်ရှိသည့် သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများ၏ လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းလွယ်ကူမှု၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် နိုင်ငံတော်၏ Ease of Doing Business အဆင့် တိုးတက်လာရေးကို ရည်ရွယ်ဆောင်ရွက်နေမှုများ၊ နေပြည်တော် အတွင်း လယ်ယာ ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အီလက်ထရောနစ်တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution-DOSo)စနစ်၏ သရုပ်ဖော်ဗီဒီယိုကိုပြသပြီး နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခြေ အနေနှင့် ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ရေး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ(၂၀၁၆)နှင့်စပ်လျဉ်း၍ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဖြိုး က လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်အနေဖြင့် (၅) နှစ်ခံစားခွင့်ရှိသည့် အားသာချက်များရှိကြောင်း၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြန်(CMEC) နှင့် မဲခေါင်ဒေသခွဲ (GMS) စီးပွားရေး စင်္ကြန်များပေါ်တွင် တည်ရှိခြင်း၊ ရေနှင့် လျှပ်စစ်မီး ကောင်းမွန်ခြင်း၊ ကျေးလက်လုပ်သား အလွယ်တကူရရှိနိုင်ခြင်း၊ စိုက်ပျိုးရေးသုတေသနနှင့် ပညာပေး ဝန်ဆောင်မှု များ ချိတ်ဆက်နိုင်ခြင်း၊ ကုန်ကြမ်းထွက်ရှိရာဒေသများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခြင်းအပြင် အစိုးရရုံးစိုက်ရာမြို့ဖြစ်သည့်အတွက် လိုအပ်သောဆုံးဖြတ်ချက်နှင့် လုပ်ငန်းခွင့်ပြုချက်များရယူရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်သဖြင့် ရင်းနှီးမြုပ်နှံသူများ ရွေးချယ်သင့်သည့် စီးပွားရေးအချက်အချာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)