တီဟီရန် ဇွန် ၁၅

အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့အပြင်ဘက်ရှိ  မွေးနေ့ပွဲကျင်းပသည့်မြေအောက် စားသောက်ဆိုင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မီးခိုးငွေ့များရှူရှိုက်မှုကြောင့် သေဆုံးခဲ့ရသည့်လူရှစ်ဦးတွင် ကလေးငယ်လေးဦး ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ဖော်ပြထားသည်။

အဆိုပါမီးလောင်မှုသည် မြို့တော်တီဟီရန်မှ အနောက်ဘက် အန်ဒီရှက်မြို့တွင် ဇွန် ၁၄ ရက်ညနေပိုင်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း အီရန်သတင်းအေဂျင်စီက ဖော်ပြထားသည်။

ယင်းသေဆုံးသူများအနက် ခုနစ်ဦးသည် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး ကျန်အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးသည် ဆေးဝါးကုသမှုခံယူလျက်သည့်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း တီဟီရန်ပြည်နယ် လခြမ်းနီ တာဝန်ရှိသူတစ်ဦးက အီရန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဒေသဆိုင်ရာအစိုးရရှေ့နေ ဟာမစ်အာစ်ဂါရီး၏ ပြောကြားချက်အရ မီးလောင်မှုသည် အဆိုပါစားသောက် ဆိုင်တစ်ခုလုံးတွင် ချက်ချင်းကူးစက်ပျံ့နှံ့သွားကြောင်း သိရသည်။ စားသောက်ဆိုင်အတွင်း တပ်ဆင်ထားသည့် ပရိဘောဂ၊ ရေတိုင်ကီ စသည့်အသုံးအဆောင်အရံပစ္စည်းများနှင့် တပ်ဆင်ရမည့်တွဲဖက်ပစ္စည်းအားလုံးသည် မီးလောင်လွယ်သောပစ္စည်းများဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ