နေပြည်တော် ဇွန် ၁၆
နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးနှင့် ASEAN Tourism Awards ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၁၆ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ပရိဆီဟာနု ပြည်နယ်၌ ပြုလုပ်ခဲ့သည့် ASEAN Tourism Forum 2022 ဖိုရမ်ကာလအတွင်း ASEAN Tourism Awards ဆုချီးမြှင့်ပွဲ အခမ်းအနား၌ ရရှိခဲ့သောဆုများကို ထည့်သွင်းပေးအပ် ချီးမြှင့်သွားမှာဖြစ်ကြောင်း၊ ဆုရရှိသူများကလည်း ဆုများထပ်မံရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအနေဖြင့် နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခင်ရှိပြီးသော ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေ အနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး၊ သဘာဝကိုအခြေခံသော၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသောခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိသော မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး Barrier Free Tourism ကိုလည်း နေပြည်တော်ရှိ ခရီးစဉ်နေရာများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက် တည်းခိုကြသော ဧည့်သည်များ၏ ဧည့်သည်ဝင်ရောက်မှုကို တိတိကျကျနှင့် မှန်ကန်မြန်ဆန်စွာ သိရှိနိုင် စေရေးအတွက် (Hotel Guest List Management System) ကိုလည်း အသုံးပြု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အကြံပြု ဆွေးနွေးပေးစေ လိုကြောင်း” ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဇော်က ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော ကိစ္စများအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ASEAN Tourism Awards ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အာဆီယံ MICE Venue စံနှုန်းဆု (ASEAN MICE Venue Standard, Category: Exhibition Venue)၊ အာဆီယံ MICE Venue စံနှုန်းဆု (ASEAN MICE Venue Standard, Category: Meeting Room(2022-2024)၊ အာဆီယံသန့်ရှင်းသောမြို့တော်များ ခရီးသွားလုပ်ငန်းစံနှုန်းဆု (ASEAN Clean Tourist City Standard Award)ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက အာဆီယံအစိမ်းရောင်ဟိုတယ်များ စံနှုန်းဆု (ASEAN Green Hotel Standard Award) အာဆီယံ MICE Venue စံနှုန်းဆု (ASEAN MICE Venue Standard, Category: Meeting Room)ကိုလည်းကောင်း ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ဆုရရှိသူများက လက်ခံရယူခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)