ပခုက္ကူ ဇွန် ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ စီမံရေးရာဝန်ထမ်းများအတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ဇွန် ၁၆ ရက်က အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ် ကျောင်း၏ အောင်မြင်တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေကြသည့် စီမံရေးရာ ဝန်ထမ်းများ၏ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ လာသော အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများကို လက်လှမ်းမီပြောဆို လုပ်ကိုင်ဆောင်ရွက် တတ်စေရန်၊ မိမိတတ်မြောက်သောပညာရပ်များဖြင့် မိခင်တက္ကသိုလ်ကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်အမြဲ ကူညီဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက တစ်ဦးချင်းမိတ်ဆက်ပြီး သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို အသီးသီးရှင်းလင်းတင်ပြကြပြီး ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခများ၊ ဘာသာရပ်ဌာနများအလိုက် ပါမောက္ခ(ဌာနမှူး)များက သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေး စကားပြောကြသည်။
အဆိုပါသင်တန်းများတွင် အင်္ဂလိပ်စာသင်တန်းကို ဇွန် ၁၆ ရက်မှ ဇူလိုင် ၁၅ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ ၆၃ ဦး တက်ရောက်မည်ဖြစ်ပြီး ကွန်ပျူတာ အခြေခံကျွမ်းကျင်မှုသင်တန်းကို ဇွန် ၁၆ ရက်မှ ဩဂုတ် ၁၅ ရက်နေ့အထိ သင်တန်းကာလ နှစ်လကြာ သင်ကြားမည်ဖြစ်ပြီး ဆရာ၊ ဆရာမ(သင်တန်းသား၊သင်တန်းသူ) ၄၄ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)