ကလော ဇွန် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘော်ဆိုင်းကျေးရွာအုပ်စု၊ ဘော်ဆုံ ကျေးရွာရှိ စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များအား စီမံကိန်းဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာသင်တန်းကို ယနေ့ နံနက်ပိုင်း က အဆိုပါဦးစီးဌာန အစည်းဝေးခန်းမ၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းက အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်း ဇယားများဖြည့်သွင်းရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ကျေးရွာတွင် လအလိုက် ဖြည့်သွင်းရသည့် ငွေစာရင်းပုံစံများ၊ ရေးသွင်းထိန်းသိမ်းနည်းအား စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘော်ဆုံကျေးရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် (၇)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းထံမှ သိရသည်။
မောင်ခိုင်