သရက်ချောင်း   ဇွန်   ၁၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအသေးစား လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဗိုလ်မှူး ဟန်ဇော်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ သင်တန်းနည်းပြများကိုယ်စား သင်တန်းနည်းပြဆရာမ ဒေါ်ရီရီလွင်က သင်တန်းကာလတွင် သင်ကြားပို့ချခဲ့သော လက်ဆေးရည်၊ မီးပူတိုက်ရည်၊ ရေချိုးဆပ်ပြာရည်၊ မှန်ကြည်ဆေးရည်၊ ဆပ်ပြာခရမ်း၊ လျှော်မွေး၊ ပန်ကန်ဆေးရည်၊ အဝတ်လျှော်ရည်၊ ဆပ်ပြာ၊ ဖယောင်း၊ လက်သန့်ဆေးရည် စသည့်တို့ဖော်စပ်ထုတ်လုပ်နည်းများကို သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိကျေးရွာတွင် ဆင့်ပွားသင်တန်းများပို့ချနိုင်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်နည်းပြများနှင့် သင်တန်းသား/သင်တန်းသားများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အခမ်းအနားအပြီးတွင် သင်တန်းကာလအတွင်း သင်တန်းသူ/သားများ ဖော်စပ်ထုတ်လုပ်ခဲ့သော လက်ဆေးရည်၊ မီးပူတိုက်ရည်၊ ရေချိုးဆပ်ပြာရည်၊ မှန်ကြည်ဆေးရည်၊ ဆပ်ပြာခရမ်း၊ လျှော်မွေး၊ ပန်ကန်ဆေးရည်၊ အဝတ်လျှော်ရည်၊ ဆပ်ပြာ၊ ဖယောင်း၊ လက်သန့်ဆေးရည် တို့ကို တာဝန်ရှိသူများက လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သရက်ချောင်းမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အသေးစားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းများကို နောက်လတွေတွင်လည်း ဖွင့်လှစ်ရန်ရှိကြောင်း တာဝန်ရှိသူများထံမှသိရသည်။

 

သားကြီး(သရက်ချောင်း)