ဘိုကလေး ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ရေကျော်တိုးကျေးရွာအုပ်စု၊ ကျွန်းသစ်စု ကျေးရွာနေ အသက်(၅၂)အရွယ် ကျပန်းလုပ်ကိုင်သူ ဦးမြဝင်းသည် ကျွန်းသစ်စုချောင်းထဲသို့ ဇွန် ၁၆ ရက် ညနေ ၄ နာရီက ရေချိုးဆင်းရာ မိကျောင်းဆွဲခံရပြီး ဘယ်လက်ဆစ် ပြတ်ရှဒဏ်ရာနှင့် ပေါင်တွင် လက်သဲခြစ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယခုအခါ ဖျာပုံ ခုတင်(၂၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ဆေးဝါးကုသစရိတ် ထောက်ပံ့ကူညီနိုင်ရေး မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ရေကျော်တိုးကျေးရွာအုပ်စုသည် ဒီရေတောဒေသတစ်ခုဖြစ်ပြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ကာ ရေချိုရေငန်စပ် မိကျောင်းများ မျိုးပွားခိုလှုံရာ ကျက်စားသည့် နေရာများဖြစ်သည့်အပြင် ဧပြီလမှ ဇွန်လအထိ မိကျောင်းများ၏ သဘာဝအမူအကျင့်အရ မိတ်လိုက်ရာသီဖြစ်သည့်အတွက် ဒီရေတောများနှင့် ဆက်စပ်နေထိုင်ကြသူများအဖို့ မိကျောင်းအန္တရာယ်ရှိနေကြာင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ချောင်းကမ်းစပ်များ၌ တိရစ္ဆာန်များ မွေးမြူလွှတ်ကျောင်းရန်မသင့်ကြောင်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများနှင့် ချောင်းအတွင်း ရေချိုးဆင်းသူများကိုလည်း မိကျောင်းအန္တရာယ် သတိပြုရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)