တောင်ကြီး ဇွန် ၁၇
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇွန် ၁၆ ရက်က တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “ရှမ်းပြည်နယ် အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကစားသမားများ နေထိုင်စားသောက်ရေး၊ သွားလာရေး ၊ လုံခြုံရေး စသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း” ပြောကြားသည်။ ဆက်လက်၍ အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဝင်အသင်းများမှ အသင်းတစ်ဖွဲ့ခြင်း မိတ်ဆက်ကြပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသည့် အားကစားသမားများအား ဂုဏ်ပြုငွေ ချီးမြှင့်ရာ လှေလော်အားကစားနည်းဖြင့် ကြေး တံဆိပ်ဆု ရရှိခဲ့သော ညောင်ရွှေမြို့နယ်မှ မစုစုလွင်အား ဂုဏ်ပြုဆုငွေ ကျပ် ၁၅ သိန်း၊ ဗိုဗီနမ်အားကစားနည်းဖြင့် ကြေး တံဆိပ်ဆု ရရှိခဲ့သော ပင်လောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မဇင်မာခိုင်အား ဂုဏ်ပြုဆုငွေ ကျပ် ၁၅ သိန်း၊ ပိုက်ကျော်ခြင်း အားကစားနည်းဖြင့် ကြေးတံဆိပ် ဆုရရှိခဲ့သော လားရှိုးမြို့နယ်မှ မနန်းစုမြတ်စံအား ဂုဏ်ပြုဆုငွေ ကျပ် ၁၅ သိန်း၊ ပြေးခုန်ပစ် အားကစားနည်းဖြင့် ငွေတံဆိပ်ဆုရရှိခဲ့သော ရွာငံမြို့နယ်မှ မဇင်မေထက်အား ဂုဏ်ပြုဆုငွေ ကျပ် သိန်း၂၀၊ ဗိုဗီနမ် အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သော တောင်ကြီးမြို့နယ်မှ မောင်ဇော်ဇော်အား ဂုဏ်ပြုဆုငွေ ကျပ် ၂၅ သိန်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲဝင် အသင်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စားစရိတ်နှင့် ပြိုင်ပွဲကျင်းပစရိတ် ငွေကျပ် သိန်း ၁၀၀ အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထောက်ပံပေးအပ်ရာ ပြည်နယ်အားကစားနှင့် လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် အားကစားသမား အသီးသီးတို့ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဘော်လီဘော အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)