ညောင်ရွှေ ဇွန် ၁၈
အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းသား တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကညာရပ်များ ထည့်သွင်းပို့ချနိုင်ရေးအတွက် အဆိုပါ ဂီတနှင့် အက ပညာရပ်များအား မှတ်တမ်းတင်ရိုက်ကူးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့၊ အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးတက်ထွန်းက အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်ကျော်က အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက သက်ဆိုင်ရာဂီတနှင့် အကပညာရှင်များ၊ လူပုဂ္ဂိုလ်များဖြင့် အဖွဲ့များဖွဲ့စည်းရေး၊ ထည့်သွင်းသင့်သည့် ဂီတနှင့်အက ပညာရပ်များ ရွေးချယ်ရေး၊ နေရာထိုင်ခင်းနှင့် လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်ရေးနှင့် အထွေထွေကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်းနှင့် အင်းသားရိုးရာ အိုးစည်ကြီးအက၊ တိုက်တေးနှင့် လံစည်အက ပညာရပ်များကို စနစ်တကျ မှတ်တမ်းပြုစု စီစဉ်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ