လွိုင်ကော် ဇွန် ၁၈
ကယားပြည်နယ် အစိုးရအဖွဲ့နှင့် လွိုင်ကော်မြို့နယ် မြို့မိ/မြို့ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲကို ဇွန် ၁၇ ရက်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့နယ် မြို့မိ/မြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် လွိုင်ကော်မြို့နယ်မှ မြို့မိ/မြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ခံများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပြောကြားသည်၊ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူမှုရေးအသင်းအဖွဲ့ ၁၄ ဖွဲ့၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သုံးခုနှင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)