မြစ်ကြီးနား       ဇွန်       ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို အပတ်စဉ် စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၈ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဒူကထောင်ရပ်ကွက်၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ စစ်သည်များနှင့် တပ်မတော် မိသားစုများ စုပေါင်း၍ ကျောင်းဝင်းအတွင်းရှိ သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်း၊ ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ ရေတွင်း ရေကန်များ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၊ ဆွတ်ငိုင်တော်(စီတာပူ)ရပ်ကွက်ရှိ Rest In Peace Group နှင့် မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်‌ရေးအသင်း (Myanmar Rescue Kachin) ကချင်ပြည်နယ် တာဝန်ခံရုံးသစ် အဆောက်အအုံ ဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက်အအုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ သိက္ခာတော်ရ ဦးမဒိန့်ဇန်ဇုန်းကျန်း၊ သိက္ခာတော်ရ ဦးJZ ဂျုံးခေါင်၊ အသင်းဥက္ကဋ္ဌ ဦးညီညီထွေး(ခ) ဦးဂျပ်မုန်ဒွဲလတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ဆုတောင်းဆက်ကပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး သိက္ခာတော်ရ ဆရာများက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဒေသနာတော်ကြားနာခြင်း၊ ကောင်းကြီးပေးဆုတောင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်းအတွက် ‌ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၄ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)