တောင်ငူ      ဇွန်      ၁၈

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ် ပုံတင်ထားသည့် အာမခံအလုပ်သမား လုပ်ငန်းခွင်ပြင်ပ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် အာမခံအလုပ်သမား မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်၊ မကျန်းမာမှုနှင့် ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းကို ဇွန် ၁၈ ရက်က  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးဝင်းစိုးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးကျော်ဝင်းလတ်၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ငွေကျပ် သိန်း ၉၀ ကို ဇနီးဖြစ်သူ ဒေါ်မြတ်မွန်အေးထံ လည်းကောင်း၊  Brac Myanmar Microfinance Co., Ltd မှ အာမခံအလုပ်သမား ဒေါ်သိမ့်သိမ့်ဝင်း၏ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့် ငွေကျပ် သိန်း ၆၈၉၀၀၀ နှင့်  အခြား ကျန်ရှိသည့် မကျန်းမာမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်တို့အား ကာယကံရှင်များထံ ပေးအပ်ရာ  စုစုပေါင်းငွေကျပ် ၁၂၀ သိန်း ၆ သောင်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုလွင်(ဆွာ)