မောင်အောင်

ကျွန်တော်တို့အဖွဲ့ မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကို  ရောက်သည့်အခါ ရာသီဥတုက မိုးအနည်းငယ်အုံ့နေသည်။ မိုးဖွဲ ကလေးပင်  မသိမသာကျလျက်ရှိသည်။ ညတုန်းက ရွာချထားသောမိုးကြောင့်  လမ်းများက  ရေဝပ်သည့် နေရာ  ဝပ်နေသည်။ ဂဝံခင်းထားသည့် လမ်းများဖြစ်၍ ဗွက်မနစ်သော်လည်း ယာဉ်မောင်းများ ဂရုစိုက်၍ မောင်းနေကြရသည်။ အမျိုးသားညီလာခံ ခန်းမကြီးမရောက်မီ အဝိုင်းကြီးကို ပတ်ရသည်။ တစ်ချိန်တုန်းကတော့ ပန်းပေါင်းဝေဆာ ရောင်စုံဖူးပွင့်၍ လှချင်တိုင်းလှနေမည့် အဝိုင်းကြီးကား ယခုတော့  မြက်များဖြင့်  ဖုံးလွှမ်းလျက်ရှိချေသည်။ အမျိုးသားညီလာခံခန်းမကြီးသို့ ရောက်သောအခါ နိုင်ငံတော်အကြီးအကဲက ညီလာခံခန်းမကြီးအတွင်းသို့ ဝင်ရောက်စစ်ဆေးသည်။

အမျိုးသားညီလာခံခန်းမကြီး

တစ်ချိန်က တင့်တယ်ခံ့ညား လှပလှသည့် ညီလာခံခန်းမတက်သည့် လှေကားထစ်များက ကျောက်သားဖြစ်၍  မပျက်စီးသော်လည်း အရောင်မှိန်လှချေသည်။ နိုင်ငံတော်တံဆိပ်ကြီးဖြင့် ခံ့ညားလှသည့် နောက်ခံနံရံကြီး။ ညီလာခံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နေရာယူခဲ့သည့် ဆိုဖာကုလားထိုင်ကြီးများ။ ဆယ်စုနှစ် တစ်စု စာမျှပစ်ထားခြင်းခံရသည့်အခါ တွေ့မြင်ရသည်ကား ရင်နင့်ဖွယ်။  မမြဲသော  သင်္ခါရလောက၏ ဘဝသရုပ်ကို အမှန်ထုတ်၍ ပြသနေသည်။ 

လက်ရှိနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အစုအဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံကြီး ကျင်းပခဲ့သည့်နေရာ။ သည်သမိုင်းဝင်နေရာကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဇွန် ၈ ရက်က ရောက်ရှိ စစ်ဆေးသည့်အခါ  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  အမျိုးသားညီလာခံ  ကျင်းပခဲ့သည့်  အဆောက်အဦသမိုင်းကြောင်းနှင့် ပျက်စီးယိုယွင်းနေမှုများ ပြုပြင်ထိန်းသိမ်းရန်အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက  “အမျိုးသားညီလာခံ”  ကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့်  သမိုင်းဝင် အဆောက်အဦများဖြစ်ကြောင်း၊ ယခင်ခေတ် အဆက်ဆက်က သမိုင်းဝင်အဆောက်အဦများကို တတ်နိုင်သမျှထိန်းသိမ်းထားခဲ့ကြောင်း၊  ယခု ထိန်းသိမ်းမှုများ အားနည်းခဲ့သည့်အတွက်  ပျက်စီးယိုယွင်းမှုများ  ဖြစ်ပေါ်ခဲ့သည်ကို  တွေ့ရှိရကြောင်း၊ အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် အလေးထားထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရှိပြီးသား အဆောက်အဦများကို  ပြန်လည်ပြုပြင်ထားရှိရန်နှင့်  အဝင်အထွက်လမ်းများ စနစ်တကျ ရှိစေရေး  ဆောင်ရွက်ရန်မှာကြားပြီး အစုအဖွဲ့အလိုက် ဆွေးနွေးခန်းမများနှင့် အနော်ရထာရိပ်သာတို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်

ညီလာခံခန်းမကြီးမှ  အပြန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်  စိုက်ပျိုးမွေးမြူ ရေးအထူးဇုန်သို့ သွားရောက်သည်။ အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်ကို ၁၉၉၉  ခုနှစ်က ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့နေ ပြည်သူများအတွက် လိုအပ်သော ဟင်းသီးဟင်းရွက်နှင့် သားငါးများ လုံလောက်စွာ ဖြည့်ဆည်းပေးရန်နှင့်  ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်း ချရန်ဖြစ်ကြောင်း၊ ဇုန်အတွင်း  တစ်ယူနစ်လျှင်  ငါးဧကနှုန်းဖြင့်  အကွက်ပေါင်း ၁၀၀ စတင် ဖော်ထုတ်ခဲ့ပြီး ဇုန်  (၃) ဇုန်  ဖော်ထုတ်ခဲ့ကြောင်း၊ ဇုန်ကို တိုင်းဒေသကြီးအစိုးရကကြီးကြပ်မှု ကော်မတီဖွဲ့စည်းကြီးကြပ်ခဲ့ပြီး  ဇုန်အလိုက်  စီမံ ခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ ဇုန် (၁) တွင်  ဧက ၃၇၈၀၊  ဇုန် (၂) တွင် ၄၉၀၁ ဧကနှင့်  ဇုန် (၃)  တွင်  ၃၇၇၂ ဧက၊ စုစုပေါင်း  ၁၂၄၅၃ ဧကရှိကြောင်း၊ ဇုန်အတွင်း လုပ်ကွက်ပေါင်း ၁၇၁၀  ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ ၁၄၈၆ ဦးအား နေရာချထားပေးခဲ့ကာ လက်ရှိ ၁၂၂၉ ဦးသာ လုပ်ကိုင်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးအနေဖြင့် ကန်စွန်းရွက် ၆၇၇ ဧက၊ မုန်ညင်းရွက် ၃၅၂ ဧက၊ ချဉ်ပေါင်ရွက် ၁၄၆၁ ဧက၊ တိုင်ထောင်ပဲ  ဧက၂၆၀၊ သခွားသီး ဧက  ၈၀ နှင့် ရုံးပတီ ၁၂၈ ဧက စုစုပေါင်း ၂၉၅၇  ဧက စိုက်ပျိုးထားရှိပါကြောင်း၊ နှစ်ရှည်ပင် များအနေဖြင့် ငှက်ပျော  ၄၇၈ ဧက၊  ဆူးပုပ် ၄၂၅ ဧက၊မန်ဂျန်ရှား ၂၂၁ ဧက၊  ရှောက် ၆၅၂ ဧက၊ သံပရာ ၇၆၄ ဧက၊ ကျွဲကော ၁၈၂ ဧက၊ သရက် ဧက ၂၃၀၊ ပိန္နဲ ၆၇  ဧက  စုစုပေါင်း  ၃၀၁၉  ဧကနှင့်  ဂန္ဓမာ၊ သပြေ၊ ဇော်လုံး၊ ဇော်စိမ်းစသည့် ပန်းမျိုးစုံ ၇၉ ဧက စိုက်ပျိုးထားရှိကြောင်း ရှင်းလင်းတင်ပြသည်။

အသား၊ နို့နှင့် ဥထုတ်လုပ်မှု

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က ညောင်နှစ်ပင်  စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း နို့စားနွားအကောင် ၁၆၀  နှင့်  အသားစားနွား အကောင်၂၀၀၊  ဆိတ်အကောင် ၄၀၊  ဝက် ၂၄၃၁၃ ကောင်၊ ဥစားကြက်အကောင် ၇၉၀၆၀၀၊  အသားစား ကြက်အကောင်  ၂၇၂၈၀၀၊ ဒေသကြက် ၈၀၆ ကောင် နှင့် မျိုးကြက်အကောင် ၅၄၀၀၀ အပါအဝင် ကြက်ကောင်ရေစုစုပေါင်း  ၁၁၁၈၂၀၆  ကောင်နှင့်  ဘဲအကောင် ၃၀၀၀၀ မွေးမြူထားရှိကြောင်း၊ ၂၀၂၁ ခုနှစ်က အသားပိဿာချိန်စုစုပေါင်း  ၁၃၉၃၉၁၃၂ ပိဿာ၊ နို့ပိဿာ ၈၆၄၀၀၊ ကြက်ဥ ၁၇၁ ဒသမ ၅၂ သန်းနှင့်  ဘဲဥ  ၇ ဒသမ ၅၈၅ သန်း ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂  ခုနှစ် ဇန်နဝါရီလ မှ မေလအထိ အသားစုစုပေါင်း  ပိဿာ ၅  ဒသမ  ၂၈၂ သန်း၊  နို့ပိဿာ ၆၄၄၀၀၊  ကြက်ဥ  ၁၂၁ ဒသမ  ၅၆၆ သန်းနှင့် ဘဲဥ ၅ ဒသမ  ၂၁၈  သန်း ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၏  အသားထုတ်လုပ်မှု စုစုပေါင်း၏ ၂၃ ဒသမ ၄ ရာခိုင်နှုန်း၊  ဥထုတ်လုပ်မှု  စုစုပေါင်း၏ ၆၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် နို့ထုတ်လုပ်မှုစုစုပေါင်း၏  ၀ ဒသမ ၄  ရာခိုင်နှုန်းကို  ညောင်နှစ်ပင်ဇုန်မှ ထုတ်လုပ် ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။
 
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် က ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်တွင် ငါးမွေးကန်ဧက ၄၆၀ ရှိပြီး  ၂၀၂၁-၂၀၂၂  မီနီ ဘတ်ဂျက်တွင် ငါးပိဿာချိန်  ၆  ဒသမ ၉ သိန်းနှင့် ၂၀၂၂  ခုနှစ်  ဧပြီလနှင့်  မေလတွင်  ငါးပိဿာချိန်  ၄၈၇၅၅ ပိဿာ ထုတ်လုပ်နိုင်ခဲ့ပါ‌ကြောင်း ရှင်းလင်းတင်ပြသည်။

နို့စားနွားနှင့် ငါးမွေးမြူရေး

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ကို မူလရည်မှန်းချက်ပါအတိုင်း ရန်ကုန်မြို့တော်အတွင်းရှိ ပြည်သူများ ဟင်းသီးဟင်းရွက်နှင့် သားငါးများ လုံလောက်ဖူလုံစွာ စားသုံးနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  ဇုန်တစ်ခုချင်း လုပ်ကွက်တစ်ခုချင်း အလိုက် ကြပ်မတ်စစ်ဆေးပြီး  စိုက်ပျိုးမွေးမြူသူ များလိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ မြေအကျယ် အဝန်းရှိသရွေ့  စွမ်းအားပြည့် စိုက်ပျိုးမွေးမြူရေး တွန်းအားပေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်ဒေသသည် ရေ၊  မြေ၊ ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပါကြောင်း၊ စိုက်ပျိုးရေးအနေဖြင့် အပင်မျိုးနှင့်  စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး ကောင်းမွန်သော စိုက်ပျိုးရေးစနစ် (Good Agricultural Practices)၊  ကောင်းမွန်သော မွေးမြူရေးစနစ် (Good Animal Husbandry Practices) ကျင့်သုံးရေးတို့ကို  အလေးထားကြပ်မတ် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နို့စားနွားများကို  လှောင်မွေးစနစ် ဖြင့်  မွေးမြူပြီး အသားဓာတ်ကြွယ်ဝသည့် မြက်မျိုး များဖြစ်သော နေဗီယာ၊ မွန်ဘာဆား စသည့် မြက်မျိုးများကို စိုက်ကာ  ရိတ်သိမ်းကျွေးမွေးခြင်းဖြင့် နို့ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကျဆင်းစေမည် ဖြစ်ပါကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့်  နို့စားနွားမွေးမြူရေး  ဖွံ့ဖြိုးတိုးတက်လာမည့်အပြင်၊ ပြည်သူအများ နွားနို့သောက်သုံးမှု ပိုမိုမြင့်တက် လာခြင်းများကြောင့် နိုင်ငံသားများ ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်  တိုးတက်လာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မွေးမြူရေး လုပ်ငန်းများတွင် ငါးမွေးမြူရေးလုပ်ငန်းမှာ အကျိုး အမြတ်အများဆုံး  လုပ်ငန်းဖြစ်ကြောင်း၊ အသားများ စားသုံးသည်ထက်  ငါးစားသုံးခြင်းက ပြည်သူလူထု၏  ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်နှစ်ပင် မွေးမြူရေးဇုန်အတွင်း ရေရရှိနိုင်ပြီး ငါးမွေးမြူနိုင်သည့် နေရာများတွင် ငါးမွေးမြူရေးကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။

နှစ်ရှည်ပင်များ စိုက်ပျိုးရေး

ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်မြို့တော်နေ ပြည်သူများ စားသောက်မှုအဆင်ပြေစေရေးအတွက် တပ်မတော် အစိုးရအဆက်ဆက် တာဝန်ယူ ဆောင်ရွက်စဉ်ကတည်းက စိုက်ပျိုးမွေးမြူရေးဇုန် များဖော်ထုတ်ပြီး  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေခဲ့ကြောင်း၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်အနေဖြင့် နှစ်ရှည်ပင်များဖြစ် သည့်  သရက်၊ ပိန္နဲ၊  မာလကာ၊  သံပရာ၊ ရှောက်၊ ကျွဲကော စသည့် နှစ်ရှည်ပင်များ စိုက်ပျိုးရန်လိုအပ်သကဲ့သို့ ဟင်းသီးဟင်းရွက်များကိုလည်း အောင်မြင် အောင် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မြေကို  အကျိုးရှိစွာအသုံးပြုပြီး  စိုက်ဧကများအားလုံး  ပြည့်ဝစွာ စိုက်ပျိုးရန် လိုအပ်ကြောင်း၊  စိုက်နည်းစနစ်မှန်ကန်ပြီး  ရေကို အကျိုးရှိစွာအသုံးချခြင်းဖြင့် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာများကို စနစ်တကျသုံးစွဲခြင်းဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကောင်းမွန်သည့် စိုက်ပျိုးရေးစနစ် (GAP) ဖြင့် ထုတ်လုပ်သည့် ဟင်းသီးဟင်းရွက်၊ သီးနှံများ  ထုတ်လုပ်ရန်လိုအပ် ကြောင်း၊  ဈေးကွက်သို့လည်း  သန့်ရှင်းလတ်ဆတ် ပြီး  အချိန်တိုအတွင်း  ပေးပို့မှသာ  စားသုံးသူများ အတွက်  အကျိုးဖြစ်ထွန်းစေမည်  ဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ  အောင်မြင်ဖြစ်ထွန်းစေရေး အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် မွေးမြူရေး၊  သတ်မှတ်ထားသည့်  အာဟာရပြည့်ဝ သော  အစာများအား စနစ်တကျ ကျွေးမွေးရေး၊ တိရစ္ဆာန်များမှ  စွန့်ပစ်သည့်  အညစ်အကြေးများ ကိုလည်း  စိုက်ပျိုးရေးလုပ်ငန်းတွင်  ဇီဝမြေဩဇာ အဖြစ် ပြန်လည်အသုံးပြုရေး၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေး အတွက် ရောဂါထိန်းချုပ်မှု လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ သန့်ရှင်းလတ်ဆတ်သည့် အသား၊ နို့နှင့် ဥများ ဈေးကွက်သို့ စနစ်တကျ ပို့ဆောင်ရေးတို့ကို စီစဉ်ဆောင်ရွက်ရန်လိုအပ် ကြောင်း လမ်းညွှန်မှာကြားသည်။

ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ငါးမွေးမြူရေးတိုးချဲ့ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ငါး သယံဇာတများပေါကြွယ်ဝရေး၊ ပြုန်းတီးမှုမရှိစေရေးနှင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အလွယ်တကူ ဖမ်းယူစားသောက်နိုင်ရေးအတွက် ငါးမျိုးစိုက်ထည့်မှုကို ငါးသန်မှ  (နှစ်လက်မ) အရွယ် မျိုးစိုက်ထုတ်ပေးရေး တွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်း၊  ငါးလုပ်ငန်းဦးစီးဌာနက ဆည်နှင့် တမံများအတွင်း လှောင်အိမ်စနစ်ဖြင့်  မွေးမြူနေမှုကို သရုပ်ပြသက်သက်မဟုတ်ဘဲ  လက်တွေ့ကျကျ စီးပွားဖြစ်မွေးမြူနိုင်မှုကို ပြသရန်လိုအပ်ကြောင်း၊ အခြေခံငါးမွေးမြူနည်းနှင့် ငါးဆေးထိုးသားဖောက် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ရန်လိုအပ်ပါ ကြောင်း၊ ငါးသားဖောက်စခန်း၊ ငါးမွေးမြူရေးသင်တန်း ကျောင်းတို့ကို  တိုးချဲ့ဖွင့်လှစ်ရန်နှင့် ငါးအတတ်သင် သိပ္ပံကျောင်းကို ဖွင့်လှစ်ရန်  မှာကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပြည်သူအများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  အောင်မြင် အောင်  အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အများပြည်သူများ နွားနို့ကို အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်ရေးအတွက် နို့စားနွားမွေးမြူရေးကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  သို့မှသာ နိုင်ငံခြားမှ  နှစ်စဉ်အမေရိကန် ဒေါ်လာသန်း  ၅၀  ကျော်တန်ဖိုးခန့် နို့နှင့်  နို့ထွက် ပစ္စည်းတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ညောင်နှစ်ပင်မွေးမြူရေးဇုန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်  စိုက်ပျိုးမွေးမြူသည့် လုပ်ငန်းရှင်တောင်သူများ  ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်ရမည်ဖြစ်ကြောင်း  လမ်းညွှန်မှာကြားခဲ့သည်။

ကျွန်တော်တို့ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး ဇုန်မှပြန်ထွက်လာသည့်အခါ ရောက်စက မှုန်မှိုင်း အုံ့ဆိုင်းနေသည့် မိုးကောင်းကင်မှာလည်း တက်သစ် စ နေရောင်ခြည်နှင့်အတူ ထွန်းလင်းတောက်ပလာ ခဲ့ပြီ ဖြစ်ပါသည်။

ထိုနည်းအတူ  ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး ဇုန်ရှိ  အမျိုးသားညီလာခံ  အဆောက်အဦကြီး အပါအဝင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများသည်လည်း ပစ္စုပ္ပန်ကာလထက် အနာဂတ်တွင် ပိုမို ထွန်းလင်းတောက်ပတိုးတက်လာမည်ဟု ယုံကြည်မိပါ သည် ။  ။