ဘားအံ ဇွန် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇွန် ၁၈ ရက် နံနက် ၁၁ နာရီက လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးကို အဓိထားလုပ်ကိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လှိုင်းဘွဲမြို့နယ်သည် ပြည်နယ်အတွင်း အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးလုပ်ကိုင်ကြဖို့လိုကြောင်း စသည့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးဆိုင်ရာ နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အင်းနို့သိပ္ပံ၊ သမ္ဘာန်၊ ထီလုံ၊ ရွေဂွန်း၊ ကော့လှိုင်း၊ ကော့မြတ်ကြီး၊ ကမော့ကချူး၊ ကွမ်တာ၊ ဒိုင်းပြ၊ ပိန္နဲတော ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးစပါး ၁၂၀၈၁၃ ဧက စိုက်ပျိုးရန်လျာထားပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် လျာထားစိုက်ဧက ပြည့်မီကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် နှီးနွယ်ဆက်စပ်သောဌာန ဆိုင်ရာများ၊ အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ယနေ့အခမ်းအနားတွင် ဆင်းသုခ(RS) မျိုးစပါး ၂၀၀ တင်းနှင့် ၅၀ ကီလိုဂရမ်အလေးချိန်ရှိ သဘာဝမြေဩဇာအိတ် ၂၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မိုးစပါးစိုက်တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသော တောင်သူလယ်သမား ၁၂၆ ဦးက လယ်ယာလုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့် အခြေအနေများနှင့်လိုအပ်ချက်များကို အကျိုးဆောင်တောင်သူများမှတစ်ဆင့် တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၌ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၄၆၂ ဒသမ ၃၆၆ သန်းဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)