ဘားအံ ဇွန် ၁၉
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန် ထိရောက်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်များကို တိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ စားသုံးဆီနှင့်စက်သုံးဆီများကို ခြိုးခြံချွေတာ သုံးစွဲနိုင်ရေး၊ ငါးရစ်တက်ချိန်တွင် ငါးဖမ်းဆီးခြင်းမပြကြရန်နှင့် ရေချိုငါးလုပ်ငန်းဥပဒေဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ပန်းခင်းစီမံချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ကိစ္စရပ်များ၊ အားကစားဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ဒေသဖွံဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)