ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက အပန်းဖြေခရီးသွား ပိုမိုဝင်ရောက်နိုင်မည်

ရန်ကုန် ၊ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် နေ့စဉ်အပန်း ဖြေခရီးသွား ဝင်ရောက်မှုဖြင့် စည်ကားလျက်ရှိရာ အဆိုပါ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ရေလမ်းကြောင်း ပွင့်လန်းမှုကြောင့် ယခုထက် အပန်းဖြေခရီးသွား ပိုမိုဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

   

ပဲခူးမြစ်ဘေးတွက်ရှိသော ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် ရန်ကုန် မြို့နေ ပြည်သူများ လာရောက်အပန်းဖြေလျက်ရှိပြီး ဆိပ်ခံဗောတံတား တည်ဆောက် ပြီးစီးပါက ပြည်တွင်းခရီးသွား ဝင်ရောက်နိုင်သည့်အပြင် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းမှ နိုင်ငံခြားခရီးသွား အပန်းဖြေသင်္ဘောများလည်း ဝင်ရောက်နိုင်မည်ဖြစ်သည်။ အဆိုပါ ဆိပ်ခံဗောတံတားကို ပဲခူးမြစ်ဘက်အခြမ်း၊ MV-705 သင်္ဘောပြခန်းအနီးတွင် တည်ဆောက်ရန် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်မှု ပြီးစီးရန် လျာထားကြောင်း သိရသည်။

“ဆိပ်ခံဗောတံတားတည်ဆောင်ပြီးသွားရင် ဟိုတည်နဲ့ ခရီးသွားကို ချိတ်ဆက်ပြီး နိုင်ငံခြား ခရီးသွားပို့ဆောင်ရေးကဏ္ဍကို တိုးချဲ့သွားမယ့်အပြင် ပြည်တွင်းခရီးသွားအတွက် ပန်းဆိုးတန်းဆိပ်ကမ်းက ပြေးဆွဲနေတဲ့ Star city ခရီးသွားသင်္ဘောနဲ့ နိုင်ငံခြား ခရီးသွားသင်္ဘော ဆိုက်ကပ်နိုင်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ ဆိပ်ခံဗောတံတားတည်ဆောက်ဖို့ တင်ဒါခေါ်ထားပြီး ဒီနှစ်ကုန်မှာ တည်ဆောက်မှုပြီးစီးဖို့ လျာထားပါတယ်။ တစ်နေ့ကိုတစ်နာရီ တိုင်းရင်းသားရိုးရာအက၊ သီချင်းများနဲ့ ပုံမှန်ဖျော်ဖြေနေပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ရေလမ်းကြောင်း ပွင့်သွားပြီဆိုရင် ခရီးသွား ပိုပြီး ဝင်ရောက်လာမှာပါ” ဟု ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ ညွှန်ကြားရေးမှုး ဦးမျိုးဝင်းက ပြောသည်။

မိုးရာသီ၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် ရုံးဖွင့်ရက်အတွင်း တစ်ရက်လျင် ခရီးသွားဦးရေ (၄၀၀) မှ (၅၀၀) အထိ၊ ရုံးပိတ်ရက်တွင် ခရီးသွားနှစ်ထောင် ခန့်နှင့် မိုးရွာသောနေ့တွင် ခရီးသွားဝင်ရောက်လျက်ရှိပြီး အင်းလေးကန်ဘောင်နှင့် မြက်ခင်းစိမ်းပေါ်တွင် မိသားစု အပန်းဖြေမှုများ၍ နေ့စဉ်ပြည်ထောင်စုခန်းမ၌ တိုင်းရင်းသားများက အဆို၊ အကဖြင့် ဖျော်ဖြေလျက်ရှိသည်။  ဆိပ်ခံဗောတံတား ပြီးစီး၍ နိုင်ငံခြားခရီးသွားများကို ဝန်ဆောင်မှုပေးမည့် အစီအစဉ်များမှ တစ်ခုဖြစ်သော တိုင်းရင်းသား ရိုးရာအစားအစာများကို ကိုယ်တိုင်ချက် ပြုတ်စားသောက်နိုင်မည့် အစီအစဉ်ကိုလည်း စီမံထားရှိကြောင်း သိရသည်။

၁၁၇ ဧကကျယ်ဝန်းသော ပြည်ထောင်စုတိုင်းရင်းကျေးရွာ (ရန်ကုန်) တွင် ဆိပ်ခံ ဗောတံတားကို အကျယ် (၁၂) ပေ၊ ချည်းကပ်တံတားအရှည် (၉၆) ပေနှင့် ပေါင်းကူး တံတားပေ (၈၀)၊ ပေါင်းကူးတံတားနှင့် ဆိပ်ခံဗောသို့ ပေ (၂၀) တံတားငယ်တစ်ခုဖြင့် စုစုပေါင်းတံတားအရှည် (၁၈၆) ပေ တည်ဆောက်သွားမည်ဖြစ်ပြီး ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ပြည်တွင်း/ ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

ညိမ်းသူ ( သတင်းစဉ် )