နေပြည်တော်၊ ဇွန် ၁၉

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသည်များ တည်းခိုနေထိုင်မှု အဆင်ပြေစေရေး၊ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကိုတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ကောင်စီနယ်မြေအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ရယူဆောင်ရွက်နေသော ဟိုတယ်နှင့် တည်းခိုရိပ်သာ (၉၈) လုံးရှိပြီး လက်ရှိအချိန်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ (၇၅) လုံး ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ မြို့တော်နေပြည်တော်ကို “ GREEN CITY၊ CLEAN CITY၊ SMART CITY ” လမ်းညွှန်ချက်နှင့်အညီသန့်ရှင်းသာယာလှပသော မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း မြို့တော်၏အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဒေသအဆင့်နှင့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ် (HSP Plaque) များကို ထုတ်ပေးလျက်ရှိပါကြောင်း၊ HSP ကိုလိုက်နာဆောင်ရွက်မှသာ နိုင်ငံတကာခရီးသွားများ၏ Trust နှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိကိုယ်ကို Confidence ရှိမည်ဖြစ်ပါကြောင်း။

 

ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် မသန်စွမ်းခရီးသွား ဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဖြည့်ဆည်း ဝန်ဆောင်မှု ပြုကြစေလိုပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း မသန်စွမ်း ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနိုင်ရန် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ၎င်းပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ပန်းခင်းစီမံချက်နှင့် အညီနိုင်ငံသားများ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုရာ၌ နိုင်ငံသားစိစစ်ရေး ကတ်များဖြင့် စနစ်တကျ တည်းခိုနေထိုင်ရေးအတွက်လည်း ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ခရီးသွားဧည့်သည်များ လာရောက်တည်းခိုနေထိုင်မှု စာရင်းဇယားများအား ပြောင်းလဲတိုးတက်လာသော နည်းစနစ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အားဆောင်ရွက်လျက်ရှိရာ ဟိုတယ် (၈၆) လုံးမှ မှတ်ပုံတင်ပြီးဖြစ်သော်လည်း အမှန်တကယ် အသုံးပြုမှု နည်းပါးသေးသည်ကို တွေ့ရှိရပါကြောင်း၊ တည်းခိုနေထိုင်သော ခရီးသွား ဧည့်သည်များလုံခြုံစိတ်ချစွာ တည်းခိုနေထိုင်နိုင်ရေးအတွက် ယခင်ကပင်ဆောင်ရွက်ခဲ့ကြပြီး လုံခြုံရေးစစ်ဆေးသည့် ကိရိယာများကို စနစ်တကျပြန်လည် တပ်ဆင်အသုံးပြုကြရန် အထူး လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေး သတိရှိရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စ၊ အစိုးရနှင့်ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့ဟိုတယ်သို့ ဧည့်သည်များလာရောက် တည်းခိုနေထိုင်ရာတွင် အဆင်သင့်ဖြစ်စေရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် အထွေထွေကိစ္စများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဟိုတယ်များနှင့် နိုင်ငံတော်ဧည့်ဂေဟာရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်