ချောင်းဆုံ ဇွန် ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာအုပ်စုတွင် ယနေ့နံနက်(၈)နာရီက မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တောင်သူလယ် သမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒုတိယ ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးက မွန်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးမှုအခြေအနေအား ရှင်းလင်းပြောကြားကာ ပြည်နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှုးက ကောက်စိုက်စက်အသုံးပြု၍ စပါးစိုက်ပျိုးရာတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်း၊ ကောက်စိုက်သမန်း ပြုပြင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအကြောင်းအရာတို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကောက်စိုက်စက်ဖြင့် မျိုးစပါး စိုက်ပျိုး နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုကာ တောင်သူများ စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များကို အခမဲ့ပေးဝေခဲ့သည်။
အဆိုပါကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ချောင်းဆုံမြို့နယ်တွင် ပထမအကြိမ် စိုက်ပျိုးခြင်းဖြစ်ပြီး တောင်သူ ဦးသစ်ကျော် လယ်မြေ(၅)ဧကပေါ်တွင် တောင်ပျံ(ကျားပျံ)မျိုးစပါးကို စတင် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဆက်လက်၍ လာမည့်နှစ်များတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးအပြင် နွေစပါးကိုပါ တိုးချဲ့စိုက်ပျိုးရန်ရည်ရွယ်ထားကြောင်း ချောင်ဆုံမြို့နယ်တွင် မျိုးစပါး စိုက်ပျိုးဧက (၆၅၂၁၁)ရှိပြီး စိုက်ပျိုးပြီးဧက (၁၈၀၄၅)ဧက ရာခိုင်နှုန်း (၂၇.၆၇)စိုက်ပျိုးထားပြီး ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)