နေပြည်တော်၊ ဇွန် ၂၀

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန် (၁၉) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) သို့ သွားရောက် စစ်ဆေးသည်။

ဦးစွာ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် စက်ရုံမှူးတို့က လုပ်ငန်းများ လည်ပတ်နေမှု၊ သွေးကြောသွင်း ဆေးရည်များနှင့် တစ်ခါသုံး ဆေးထိုးအပ်များ ထုတ်လုပ်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၌ ထုတ်လုပ်လျက်ရှိသည့် ထုတ်ကုန်တစ်ခုချင်းအလိုက် Business Plan များ ရေးဆွဲထားရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား တိတိကျကျ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

mdn

 

ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆေးဝါးများ ထုတ်လုပ်နေခြင်းဖြစ်၍ ကောင်းမွန်သည့် ထုတ်လုပ်မှုနည်းစဉ် များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု မစတင်မီ နှင့် ဆောင်ရွက်နေစဉ် ကာလအတွင်း အရည်အသွေးစစ်ဆေးသည့် မှတ်တမ်းနှင့် နမူနာ (Sample) များအား စနစ်တကျ သိမ်းဆည်းမှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့၏ အမှာစာများအား အချိန်မီထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် အချိန်ဇယားများရေးဆွဲ၍ အလေးထားဆောင်ရွက်ရန်၊ ဆေးဝါးစက်ရုံများ ရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသင်ယူမှုများကို အစဉ်အမြဲ ဆောင်ရွက်ကြရန် မှာကြားပြီး တစ်ခါသုံး ဆေးထိုးအပ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ ဆပ်ပြာစက်ရုံ (ရမည်းသင်း) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က စက်ရုံလည်ပတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရွှေဝါဆပ်ပြာများနှင့်ပတ်သက်၍ ဈေးကွက်သုတေသနပြုလုပ်ရန်၊ ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်စေရေး ကြိုးစား ဆောင်ရွက်ရန်နှင့် စက်ရုံရေရှည် ရပ်တည်လည်ပတ်နိုင်ရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံအတွင်း၌ ထုတ်လုပ်ပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရန် အဆင်သင့် ထုပ်ပိုးထားရှိသည့် ရွှေဝါအမှတ်တံဆိပ် ဆပ်ပြာများနှင့် ကုန်ထုတ်စက်များကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်