PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်နေကြသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများကို ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက အသိပေးထုတ်ပြန်ထားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ CRPH နှင့် NUG အဖွဲ့တို့မှ ဦးဆောင်နေကြသူများ၏ လှုံ့ဆော်မှု၊ သွေးထိုးမြှောက်ပင့်ပေးမှု၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမည်ခံ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ လက်နက်ကိုင်ပုန်ကန်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ CDM မလုပ်သည့် နိုင်ငံ့ဝန်ထမ်းများသာမက မိမိတို့ဘက် မပါပါက ရဟန်းသံဃာများနှင့် သီလရှင်များ၊ တောင်သူလယ်လုပ်များ၊ ဈေးသည်များပါမချန် သူလျှိုဒလန်များအဖြစ် စွပ်စွဲသတ်ဖြတ်မှုများကို တော်လှန်ရေးဟူ၍ မည်သို့ပင် အရောင်တင် ပေးနေစေကာမူ နိုင်ငံနှင့် ပြည်သူလူထုအတွက် ပျက်စီးရာ ပျက်စီးကြောင်း အကြမ်းဖက်မှုများသာ ဖြစ်သည်။
လက်ရှိနိုင်ငံတော်အစိုးရသည် ရွေးကောက်ပွဲမသမာမှုနှင့် အတူ ယိမ်းယိုင်သွားခဲ့သည့် ဒီမိုကရေစီစနစ်ကို ပြန်လည် တည့်မတ်ပေးနိုင်ရန် အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ တိတိကျကျ ချမှတ်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ၎င်းရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံ့တာဝန်လွှဲအပ်ပေးရန်၊ နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် သွားရန်ဟူသည့် အချက်များ အတိအလင်း ဖော်ပြထားသည်။
မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးကတည်းက ပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။ ဒေသတွင်း နိုင်ငံများ တစ်နှစ်ပြီးတစ်နှစ် ရှေ့သို့ရောက်သွားချိန်တွင် မိမိတို့မှာ ပြည်တွင်းပြဿနာများနှင့် လုံးထွေးရစ်ပတ်ကာ အထွေထွေနောက်ကျ ကျန်မှုကြီးတွင်သာ ပိတ်မိနေခဲ့သည်။ စည်းလုံးညီညွတ်မှု အားနည်းပြီး အက်ကြောင်းပေါ်လာသည့် အခါတိုင်း မိမိတို့နိုင်ငံကို ပြိုကွဲပျက်စီးသွားစေလိုသည့် ပြည်ပ အမှောင့်ပယောဂများ ဝင်လာလေ့ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ခက်ခဲသလောက် မအောင်မြင်သည့်၊ ကျရှုံးနိုင်ငံ ဖြစ်စေရန်မှာမူ လွန်စွာပင်လွယ်ကူလှသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အစိုးရအဖွဲ့ကသာ ဆောင်ရွက်၍မရဘဲ ပြည်သူလူထုကပါ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရခြင်း ဖြစ်သည်။ အစိုးရနှင့် ပြည်သူ ညီညီညွတ်ညွတ် ဆောင်ရွက်သည်နှင့်အမျှ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ လျင်လျင်မြန်မြန် ဖြစ်ထွန်းနိုင်သည်။ သို့ရာ တွင် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတို့၏ အာဏာလောဘနှင့် ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော စိတ်ဓာတ်တို့မှ ပေါက်ဖွား လာသည့်လုပ်ရပ်တို့က တိုင်းပြည်ကို ပျက်လုခမန်း ဖျက်ဆီးနိုင် သည်ကိုလည်း သမိုင်းကြောင်းနှင့် ယှဉ်၍ သတိချပ်ကြရာသည်။
လူငယ်ဟူသည် လှုပ်ရှားတက်ကြွသူများ၊ စူးစမ်းတတ်သူများ၊ စွန့်စားလိုသူများ၊ အဖွဲ့အစည်း အသင်းအပင်းကို ခင်တွယ်သူများ၊ မတရားမှုကို ဆန့်ကျင်လိုသူများဖြစ်ကြပြီး ယင်းသို့သော လူငယ်တို့၏ သဘာဝကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတို့က အသုံးချလေ့ရှိကြသည်။ အကြောင်းအမျိုးမျိုးဖြင့် PDF အပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များသို့ ရောက်ရှိနေကြသည့် လူငယ်လူရွယ်များ အကြမ်းဖက်ပြစ်မှု ကျူးလွန်မှုများအကြား ဘဝမနစ်မွန်းခင် အချိန်မီ အလင်းရောင် အောက်သို့ ပြန်လည် ဝင်ရောက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း