သိုက်စိုးထွန်း(နတ်ရွာ)
အဖွဲ့အစည်းတစ်ခုတိုင်းမှာ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေ၊ လုပ်ငန်းစဉ်တွေရှိကြတယ်။ ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် အဖွဲ့အစည်းဝင်အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ အဖွဲ့အစည်းဝင်အားလုံးရဲ့ ကြိုးစားအားထုတ်မှုများများရလေလေ ဒီအဖွဲ့အစည်းတစ်ခုက အောင်မြင်မှုဘက်ကို ပိုနီးလာလေလေပါ။
အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အားထုတ်မှုတွေ
အဖွဲ့ဝင်အားလုံးရဲ့ ကြိုးစားမှုတွေလိုတာ မှန်ပေမယ့် လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတာမို့ လူတိုင်းကကြိုးစားချင် နေအောင်၊ လူတိုင်းရဲ့စိတ်ထဲမှာ ကိုယ့်အဖွဲ့အစည်းရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ ကြီးပွားရာကြီးပွား ကြောင်းကိုပဲ အမြဲစဉ်းစားနေအောင်လုပ်ဖို့ဆိုတာက သိပ်တော့လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့် အကျိုးကိုပဲ ရှေ့တန်းတင်မိတတ်ကြတယ်ဆိုတဲ့ ယေဘုယျသဘောတရားအရ သူ့ကိုယ်ပိုင်အကျိုး စီးပွားထက် အဖွဲ့အစည်းရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်စဉ်းစားနေအောင် လမ်းကြောင်းပြောင်းပေးဖို့ ဆိုတာက တကယ်ကိုသိမ်မွေ့ နက်နဲတဲ့ကိစ္စတစ်ခုပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပညာရှင်တွေ ရှာဖွေဖော်ထုတ်ထားတဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေကို စဉ်ဆက်မပြတ် ဆန်းစစ်အကဲဖြတ်တဲ့နည်း ဖြစ်ပါသတဲ့။
ဟိုတစ်ချိန်တုန်းဆီက နည်းလမ်းတစ်မျိုးနဲ့ စဉ်းစားခဲ့ကြဖူးပါသတဲ့။ အားလုံးအတူတူ အလုပ် လုပ်ကြမယ်၊ ကြိုးစားမှုရဲ့ အသီးအပွင့်တွေကိုလည်း အားလုံးအတူတူ မျှဝေခံစားကြမယ်ဆိုတဲ့ သဘောတရား။ ရုတ်တရက်ကြည့်လိုက်တော့ ဒီနည်းလမ်း က တကယ့်ကိုသမာသမတ်ကျပြီး အားလုံးအတွက် လျော်ကန်သင့်မြတ်တဲ့စနစ်တစ်ခု၊ အေးအတူ ပူအမျှ ဆိုးတူကောင်းဖက် သေအတူရှင်မကွာ ရှင်သန်ကြရတဲ့ စိတ်နှလုံးရွှင်ပြုံးဖွယ်ရာ နည်းနာနိဿယတစ်ခုလို့ ယူဆစရာပေါ့။ ယူဆလို့လည်းပဲ အကောင်အထည် ဖော်ခဲ့ကြသူတွေလည်း ရှိခဲ့ကြပါတယ်။ သူလည်း သူတတ်နိုင်သလောက်လုပ်၊ ကိုယ်လည်း ကိုယ်တတ်နိုင်သလောက်လုပ်၊ အကျိုးအမြတ်ကိုတော့ အားလုံးညီတူမျှတူ ခွဲဝေခံစားကြမယ်ဆိုတဲ့ စနစ် တစ်ခု။ ဒီစနစ်ကို စပြီးပြောပြလိုက်တော့ ကြားရသူအတော်များများက ဝမ်းသာသွားကြတယ်၊ ကျေနပ် သွားကြတယ်ပေါ့။ အားလုံးအတွက် ကြည်နူးကျေနပ်စရာ အာဝါသတစ်ခုကိုဖန်ဆင်းပြီး ရှေ့ခရီး ကို ပျော်ပျော်ကြီး ဆက်ကြမယ်ပေါ့။
စွမ်းဆောင်ချက်တွေ ကွာဟ
အချိန်အတော်ကြာကြာလေး အကောင်အထည်ဖော်ကြည့်လိုက်တော့ ရလဒ်တွေက မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူးတဲ့။ မျှော်လင့်သလိုဖြစ်မလာတဲ့အပြင် ကြိုတွေးမထားမိခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေတောင် ရှိလာခဲ့ပါသတဲ့။ မျှမျှတတ တစ်ပြေးညီ ခံစားကြရမယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်ကို ခံစားမိလိုက်ရချိန်မှာ ကိုယ်ပါဝင်လိုက်ရတဲ့ အဖွဲ့အစည်းသစ်အတွက် တကယ့်ကို အားတက်သရော ကြိုးစားကြပါသတဲ့။ အစပိုင်းမှာတော့ တကယ့်ကို တက်ညီလက်ညီ ကြိုးစားအားထုတ်ခဲ့ကြပါသတဲ့။ အောင်မြင်မှုတွေလည်း အထိုက်အလျောက် ရလာပါသတဲ့။ ဒါပေမယ့် အချိန်နည်းနည်းကြာလာတော့ တကယ်ကြိုးစားအားထုတ်ခဲ့တဲ့သူတွေက စဉ်းစားလာတယ်၊ တွေဝေလာတယ်၊ သံသယဖြစ်လာတယ် ပေါ့။ ကိုယ်ကတော့ တကယ့်ကို စိတ်ရောကိုယ်ရော နှစ်ပြီး အားတက်သရော အင်တိုက်အားတိုက် ကြိုးစားနေခဲ့ရတာ။ တကယ့်ကို ကြိုးစားခဲ့ရတာ။ ဒါပေမဲ့ ရပိုင်ခွင့်တွေကျတော့ အတူတူတဲ့လား။ ဒါကလည်း ပြဿနာတော့ မဟုတ်သေးဘူးပေါ့။ တစ်ယောက်နဲ့တစ်ယောက် စွမ်းဆောင်ရည်ချင်း မတူကြတဲ့အချိန်မှာ စွမ်းဆောင်ချက်တွေကလည်း ကွာဟနေကြမှာပဲပေါ့။ အဓိက ပြဿနာက စွမ်းဆောင်ရည်တွေ မြင့်နေပါလျက်နဲ့ မစွမ်းဆောင်ကြတော့တဲ့ကိစ္စ။ လုပ်နိုင်တာထက် လျှော့လျှော့ပြီး လုပ်လာတယ်၊ ကြိုးစားနိုင်ပါလျက်နဲ့ မကြိုးစား တော့ပဲ လျော့ရိလျော့ရဲ အလုပ်လုပ်လာကြတယ်။ ဒီလိုလျှော့လိုက်တော့ အချင်းချင်းက ရိပ်မိလာတယ်။ သူတောင်လျှော့သေးတာ၊ ကိုယ်လည်းလျှော့ရမှာပေါ့ဆိုတဲ့အတွေးက တစ်ယောက်ကအစ တစ်ရာအဆုံး ကူးစက်ပျံ့နှံ့သွားတယ်။ ကြာလာတော့ အဖွဲ့အစည်းကြီးတစ်ခုလုံး ချွတ်ခြုံကျသွားတာ နဲ့ “နွားထီးငါးကျပ်၊ နွားမငါးကျပ်” စနစ်ကြီးကို အမြစ်ကနေပြန်လှန်ပစ်ဖို့ စဉ်းစားလာကြရသတဲ့။ အားလုံးတစ်ပြေးညီ ရတဲ့စနစ် မဟုတ်တော့ဘဲ ကိုယ်လုပ်သမျှ ကိုယ်ခံစားရမယ်ဆိုတဲ့ စနစ်မျိုးကို ပြန်ပြောင်းလိုက်ကြတော့သတဲ့။ ဒီနည်းလမ်းကသာ တစ်ယောက်ချင်းစီအတွက်ရော၊ အဖွဲ့အစည်း အတွက်ပါ ရေရှည်အဆင်ပြေစေတယ်ဆိုတာကို လက်ခံလာကြပါသတဲ့။
တိုးတက်မှုအခွင့်အလမ်းတွေစောင့်ကြို
လူဆိုတာ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တတ်ကြတယ်ဆိုတဲ့ ယေဘုယျသဘော အယူအဆအရ ဆိုရင်တော့ ကိုယ့်အတွက်ကိုယ် စဉ်းစားနေတဲ့သူ တွေကို အဖွဲ့အစည်းအတွက် ဦးစားပေးစဉ်းစားဖို့ တိုက်တွန်းရ၊ သိမ်းသွင်းရတာက သိပ်တော့မလွယ်တဲ့ အလုပ်လို့ ဆိုရမှာပေါ့။ ဒီသဘောတရားကို ကျေညက်နေတဲ့ စီမံခန့်ခွဲသူတွေက အဲဒီကိုယ်ကျိုး စီးပွားနဲ့ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို တိုက်ရိုက်အချိုးညီနေအောင် ချိတ်ဆက်ပေးလိုက်ပါသတဲ့။ အဖွဲ့အစည်းအတွက် သူကြိုးစားလေလေ သူ့အတွက် ကိုယ်ပိုင်အကျိုးစီးပွားတွေလည်း များလာလေလေဆိုတဲ့ သဘောတရားမျိုး။ ဒီသဘောတရားကို အဖွဲ့အစည်းဝင်အားလုံး ယုံကြည်လက်ခံလာအောင်လည်း လက်တွေ့ အကောင်အထည်ဖော် ပြလိုက်တယ်ပေါ့။ ကြိုးစားရင် ကြိုးစားသလောက် တိုးတက်မယ်ဆိုတဲ့ စနစ်မျိုး။ ကြိုးစားနေသူတိုင်း အတွက် တိုးတက်မှုအခွင့်အလမ်းတွေက ဝမ်းပန်းတသာစောင့်ကြိုနေတယ်ဆိုတဲ့ စနစ်မျိုး။ ဟောဒီ အဖွဲ့အစည်းထဲမှာ ရှင်သန်နေသူအားလုံး ကိုယ်လုပ် သလောက် ကိုယ်ပြန်ရမယ်ဆိုတဲ့ စနစ်မျိုး။
ကိုယ်လုပ်သလောက် ကိုယ်ရမယ်ဆိုတဲ့စနစ်မျိုးကို ပုဂ္ဂလိကဆိုင်ရာအဖွဲ့အစည်းတွေက ပိုပြီး အသုံးများပါသတဲ့။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂလိကအဖွဲ့ အစည်းတွေရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေက အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေထက် ရိုးရှင်းတိကျနေလေ့ရှိပြီး အကျိုးအမြတ်က ဘာဆိုတာကိုလည်း အဖွဲ့အစည်းဝင်တိုင်းက ရှင်းရှင်းလင်းလင်း သဘောပေါက်နေကြလို့ ဖြစ်ပါသတဲ့။ ဥပမာအားဖြင့် အရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခု ဆိုပါ တော့။ သူဝယ်မယ့်ပစ္စည်းကို ဖြစ်နိုင်သမျှ အနိမ့်ဆုံး ဈေးနဲ့ရအောင် ညှိနှိုင်းပြီး ဝယ်ယူနိုင်မယ်ဆိုရင်၊ သူရောင်းမယ့်ပစ္စည်းကို အမြင့်ဆုံးဈေးရအောင် စည်းရုံးဆွဲဆောင်ပြီး ရောင်းချနိုင်မယ်ဆိုရင် ဒါက သူ့အဖွဲ့အစည်းအတွက် အကျိုးအမြတ်များမှာပေါ့။ ရောင်းရတဲ့ ဈေးချင်းတူရင်တောင် သူက များများ ပိုရောင်းနိုင်ရင် သူ့အတွက် အကျိုးအမြတ်ပိုမှာပေါ့။ ဒီလိုရိုးရှင်းလွယ်ကူနေတဲ့အတွက် အကောင်အထည် ဖော်ရတဲ့သူကလည်း သူလျှောက်ရမယ့်လမ်းကို ရှင်းရှင်းလင်းလင်း သိနေသလို အဖွဲ့အစည်းဝင်တွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အကဲဖြတ်ရမယ့်သူကလည်း အကဲဖြတ်ချက်ကို အလွယ်ကူဆုံးနည်းလမ်း၊ အရိုးရှင်းဆုံးနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်လာတယ်ပေါ့။ ကုန်ပစ္စည်း သုံးလေးခု အစွံထုတ်နိုင်တဲ့ သူထက် ၁၀ ခု၊ ၁၅ ခု ရောင်းနိုင်တဲ့သူက ပိုသာ တယ်ပေါ့။ အဖွဲ့အစည်းအတွက် အကျိုးအမြတ် များများရအောင် လုပ်ပေးနိုင်လေလေ အဲဒီပုဂ္ဂိုလ်ကို အဖွဲ့အစည်းဘက်က အသိအမှတ်ပြု၊ ချီးမြှင့် မြှောက်စားမှု ပိုလာလေလေပေါ့။ ဒီသဘော တရားကို ကျင့်သုံးလိုက်တော့ ဒီအဖွဲ့အစည်းက ကြာလေလေ တိုးတက်လာလေလေဖြစ်ရော။
အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေကျတော့ အကျိုးအမြတ်ကဘာလဲဆိုတာကို အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး နည်းလမ်းနဲ့ ဖွင့်ဆိုနိုင်ဖို့ခက်သလို ဘယ်အဖွဲ့အစည်းဝင်တွေက ဘယ်လောက်ကြိုးစား အားထုတ်နေသလဲ၊ ဘယ်သူတွေရဲ့ ကြိုးစားအားထုတ်မှုက ဘယ်အတိုင်းအတာအထိ ကောင်းကျိုး ဆိုးပြစ်တွေ သက်ရောက်စေသလဲ ဆိုတာကို ဆန်းစစ်အကဲဖြတ်ရတာကလည်း သိမ်မွေ့နေပြန် ပါသတဲ့။ ဒီလို သိမ်မွေ့နေတဲ့အတွက် အေးအတူ၊ ပူအမျှ သဘောတရားမျိုးကို ယေဘုယျအားဖြင့် ကျင့်သုံးတတ်ကြပါသတဲ့။ အသိအမှတ်ပြုမှု၊ ချီးမြှင့် မြှောက်စားမှု ဆိုတာကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းအတွင်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သက်တမ်း ကာလအပေါ်မူတည်ပြီးတော့ပဲ ဆောင်ရွက်လေ့ရှိကြ ပါသတဲ့။ အကျိုးဆက်အားဖြင့် အဖွဲ့အစည်းဝင် အတော်များများမှာ ကြိုးစားအားထုတ်လိုစိတ်တွေ ခေါင်းပါးသွားတတ်ကြပါသတဲ့။ ကြိုးစားအားထုတ်နေရမှ ကျေနပ်ပါတယ်ဆိုတဲ့သူတွေကလည်း ကြာလာတော့ စိတ်ပျက်လက်ပျက် ဖြစ်လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းကို တစ်စတစ်စ စွန့်ခွာသွားတတ်ကြပါသတဲ့။ ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ်အရည်အသွေးက ကြာလေကျလေ ဖြစ်သွားတတ်ပါသတဲ့။
ဒီအခက်အခဲကိုမြင်ကြတဲ့ လူမှုရေးသိပ္ပံပညာရှင်တွေက အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေမှာလည်း ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲမှုပုံစံတွေကို တတ်နိုင်သမျှ ကျင့်သုံးကြည့်ဖို့ အကြံပြုကြပါသတဲ့။ တစ်ပြေးညီ ခံစားခွင့်ပေးတာမျိုးမဟုတ်ဘဲ စွမ်းဆောင်ရည်၊ စွမ်းဆောင်ချက်၊ စွမ်းဆောင်မှုရဲ့ ရလဒ်တွေကို ကြည့်ပြီး စနစ်တကျ အကဲဖြတ်ပြီး အသိအမှတ်ပြုပေးတဲ့ စနစ်မျိုး၊ ချီးမြှင့်မြှောက်စားတဲ့စနစ်မျိုး။ ရုတ်တရက်ကြီး မဟုတ်ရင်တောင်မှ ဒီစနစ်ကို တဖြည်းဖြည်းချင်းတော့ ပြောင်းယူလာ ကြပါသတဲ့။
ရည်မှန်းချက်၊ ဦးတည်ချက်တွေကို တတ်နိုင်သမျှ ရိုးရှင်းအောင် ပြုပြင်ချမှတ်လာကြတယ်။ ရည်မှန်းချက်၊ ဦးတည်ချက်တွေ ပေါက်မြောက် အောင်မြင်ဖို့ ဘယ်ပုံဘယ်နည်း အကောင်အထည်ဖော် ဆောင်ရွက်ရမယ် ဆိုတာတွေကိုလည်း အပြည့်စုံဆုံး၊ အရိုးရှင်းဆုံးဖြစ်အောင်ပြုစုပြီး စံသတ်မှတ်ချက်တွေအဖြစ် ကျင့်သုံးလာကြတယ်။ တစ်ဖက် မှာလည်း ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းဆောင်ရွက်နိုင်မယ့် လမ်းစတွေကို အမြဲတံခါးဖွင့်ထားကြတယ်။ ဒီစံသတ်မှတ်ချက်တွေကို ဘယ်သူတွေက ဘယ်အတိုင်းအတာအထိ လိုက်နာအကောင်အထည်ဖော်နေသလဲ ဆိုတာကိုလည်း နည်းလမ်းတကျ အကဲဖြတ်လာကြတယ်။ စံသတ်မှတ်ချက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း အမြဲ လေ့လာဆန်းစစ်နေပြီး လိုအပ်သလို ပြုပြင်လာကြတယ်။ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်တဲ့ တွေ့ရှိ ချက်မှန်သမျှကိုလည်း လျစ်လျူမရှုဘဲ တော်ရင်တော်သလို ချီးမြှင့်မြှောက်စားတာမျိုး၊ ရှော်ရင် ရှော်သလို အပြစ်ပေးအရေးယူတာမျိုး ဆောင်ရွက် လာကြတယ်။ ဒီနည်းလမ်းကို ကျင့်သုံးလိုက်တော့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာတိုးတက်လာတာကို တွေ့ရပါသတဲ့။
တဖြည်းဖြည်း မြှင့်တင်
စွမ်းဆောင်ရည်အကဲဖြတ်တဲ့ နည်းလမ်းတွေကတော့ အဖွဲ့အစည်းရဲ့ သဘောသဘာဝအပေါ် မူတည်ပြီး ကွဲပြားသွားကြမှာပါ။ တချို့အဖွဲ့အစည်းတွေကတော့ လစဉ်ဖြစ်ဖြစ်၊ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ဖြစ်ဖြစ် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ချက်တွေကို အသေအချာ အကဲဖြတ်ပြီး ကောင်း၊ သင့်၊ ညံ့ ခွဲလေ့ရှိကြပါသတဲ့။ အထူးချွန်ဆုံး ငါးရာခိုင်နှုန်း ထဲမှာပါတဲ့သူကို ဘယ်လိုချီးမြှင့်ပြီး အညံ့ဆုံး ငါးရာခိုင်နှုန်းမှာပါတဲ့သူကို ဘယ်လိုသတိပေး အရေးယူမယ်ဆိုတာမျိုးကို ဆောင်ရွက်ကြပါသတဲ့။ ဒီတော့ အတော်ဆုံး စာရင်းမှာမပါရင်တောင်မှ အညံ့ဆုံး စာရင်းမှာ မပါဖို့အတွက် အသည်းအသန်ကြိုးစား လာကြတာကို တွေ့ရပါသတဲ့။ ဒီစနစ်မှာလည်း အားနည်းချက်မရှိတာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အဖွဲ့ဝင်အားလုံးက ဘယ်လိုပဲ ကြိုးစားကြိုးစား အနည်းဆုံး ငါးရာခိုင်နှုန်းကတော့ အညံ့ စာရင်းမှာ မဖြစ်မနေပါကို ပါသွားမယ်ဆိုတဲ့ အချက်မျိုးပေါ့။ ဒါကလည်း စိတ်ပျက်အားလျော့မှုကို ဖြစ်စေပါသတဲ့။ ဒါ့ကြောင့် တချို့ကျတော့လည်း အညံ့ဆုံးလူတွေကို အရေးယူတာထက် အတော်ဆုံးလူတွေကို ချီးမြှင့်မြှောက်စားပြီး ညံ့နေသူတွေကို တော့ လေ့ကျင့်ပျိုးထောင်ရေးနည်းလမ်းတွေ သုံးပြီး တဖြည်းဖြည်း မြှင့်တင်ယူပါသတဲ့။
ချီးမြှင့်မြှောက်စားမှုလို့ ပြောလိုက်တာနဲ့ တစ်ဆင့်မြင့်နေရာကိုပေးတာမျိုး၊ မြင့်မားတဲ့လုပ်ခလစာကို ပေးလိုက်တာမျိုးကို တန်းမြင်တတ်ကြပါတယ်။ ဒါကလည်း တကယ်ထိရောက်တဲ့မြှောက်စား မှုတွေပါ။ တစ်ခါတစ်ခါကျတော့လည်း ဒီအတိုင်းအတာအထိ အသိအမှတ်ပြုပေးဖို့က ခက်နေပြန်ပါသတဲ့။ လူတော်တစ်ယောက်၊ ကြိုးစားအားထုတ် သူတစ်ယောက်ကို တွေ့နေပေမယ့် သူနဲ့ထိုက်တန်တဲ့ နေရာပေးဖို့ အခြေအနေမပေးသေးတာမျိုး၊ လုပ်ခလစာတိုးမြှင့်ပေးဖို့ ငွေကြေးအရင်းအမြစ် မပြည့်စုံတာမျိုး။ ဒီလိုအခြေအနေမျိုးမှာ အဖွဲ့အစည်းဝင်တွေရဲ့ စိတ်ကျေနပ်မှုကိုပေးနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိပါသတဲ့။ ဒါကတော့ အသိအမှတ်ပြု၊ ချီးကျူးဂုဏ်ပြုမှုပါပဲတဲ့။ နှစ်ကိုယ် ကြား ချီးမွမ်းပြောဆိုတာမျိုးလည်း ဖြစ်နိုင်သလို လူသိရှင်ကြား ထုတ်ဖော်ဂုဏ်ပြုတာမျိုးလည်း ဖြစ်နိုင်ပါသတဲ့။ ငွေနဲ့ကြေးနဲ့၊ ခံစားပိုင်ခွင့်တွေနဲ့ ချီးမြှင့်မြှောက်စားတာမျိုး မဟုတ်ဘဲ နှုတ်ကလေးနဲ့ အသိအမှတ်ပြုလိုက်တာမျိုးလေးကလည်း ဆောင်ရွက်ရသူအတွက် မခက်ခဲလှပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ် အတွက် စိတ်ကျေနပ်မှုကို ရစေပါသတဲ့။ ဒီလို အသိ အမှတ်ပြုမှုလေးတွေနေကလည်း ထင်မှတ်မထား လောက်တဲ့အကျိုးတရားမျိုး ရလာတတ်ပါသေးသတဲ့။
မကြိုးစားတဲ့သူ မအောင်မြင်ဘူး။ ကြိုးစားမှ အောင်မြင်မယ်။ ဒီသဘောတရားက တစ်ဦးတစ်ယောက် ချင်းစီအတွက်သာ မှန်နေတာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေအတွက်လည်း မှန်နေတဲ့သဘောတရား တစ်ခုပါ။ တစ်ဦးတစ်ယောက်ချင်းစီကို စုစည်းထားမှ အဖွဲ့အစည်းတစ်ခုဖြစ်လာတာမို့ ဒီအဖွဲ့အစည်း ရေရှည်တိုးတက်ဖို့ဆိုရင်တော့ အဖွဲ့အစည်းဝင်တိုင်းရဲ့ ကြိုးစားလိုစိတ်ကို အဆုံးအစွန်အထိ မြှင့်တင်ပေးနေဖို့လိုအပ်ပါသတဲ့။ ဒီလို မြှင့်တင်နိုင်ဖို့အတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းကလည်း ကြိုးစားမှုတိုင်းအတွက် အသိအမှတ်ပြုမှုလေး ပေးလိုက်တာပါပဲတဲ့။
ဉာဏ်စွမ်းရှိသမျှ ကြိုးစား
ကြိုးစားအားထုတ်မှုနဲ့ ချီးမြှင့်မြှောက်စားမှု၊ ဟောဒီနှစ်ခု တိုက်ရိုက်ကြီး ဆက်စပ်နေပြီဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်လာကြပြီဆိုရင် တော့ အဲဒီအဖွဲ့အစည်းဝင်တွေကို “ဟေ့လူတွေ၊ သိပ်ကြိုးစားမနေကြနဲ့” လို့ ဘယ်သူတွေက လာပြောပြော၊ မကြိုးစားနိုင်အောင် ဘယ်လိုပဲ တားတား၊ တစ်ရက်တစ်မနက်ကလေးတောင် နှောင့် နှေးခံနိုင်တော့မှာမဟုတ်ဘဲ ကိုယ့်ရှေ့ရေးအတွက်၊ ကိုယ့်အဖွဲ့အစည်းရဲ့ ရှေ့ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ မီးကုန်ယမ်းကုန် ကြိုးစားလာကြ လိမ့်မယ်ဆိုတဲ့ အချက်ကတော့ဖြင့် မလွဲဧကန် အမှန်ပင် ဖြစ်ပါသတဲ့။
လူတိုင်းအတွက်၊ အဖွဲ့အစည်းတိုင်းအတွက် ကြိုးစားလိုစိတ်ကလေးတွေရှိနေဖို့ တကယ့်ကို အရေးကြီးပါသတဲ့။ အရေးကြီးလှပါတယ်ဆိုတဲ့ ကြိုးစားလိုစိတ်ကလေးတွေ ထာဝရရှင်သန်အောင် မွေးမြူနိုင်ကြပါစေ။ ။