နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက်မှ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားသည်။
နိုင်ငံတော်၏ နိုင်ငံရေးဦးတည်ချက်တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေး” ဟူသည့် ဦးတည်ချက်ကို ချမှတ်ထားသည်။ အဆိုပါ နိုင်ငံတော်ကချမှတ်ထားသော လုပ်ငန်းစဉ်နှစ်ရပ်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ မျှော်လင့်ချက်ဆန္ဒ၊ ပကတိလိုအပ်ချက်ဖြစ်သောကြောင့် ယင်းတို့ကို လက်တွေ့ အကောင်အထည်ပေါ်လာအောင် မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်သူလူထုဆန္ဒဖြစ်သည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည်။ တည်ငြိမ်အေးချမ်းမှု မရှိပါက တရားမျှတသော ရွေးကောက်ပွဲများ ပြုလုပ်နိုင်မည်မဟုတ်ဘဲ ပြည်သူများနှစ်သက်သည့် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်နိုင်မည်မဟုတ်ပေ။ လက်နက်ပဋိပက္ခများကြောင့် ပြည်သူများမှာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိသည့်အပြင် ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရပြီး ဆင်းရဲဒုက္ခရောက်ကြရသည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးသည် မျှော်မှန်းချက်များပြည့်ဝရန်အတွက် အရေးအကြီးဆုံးအချက် ဖြစ်သည်။
ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံများကို ကြည့်မည်ဆိုလျှင် တည်ငြိမ်အေးချမ်းသဖြင့် အစစအရာရာ အဆင်ပြေနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ သမိုင်းကိုလေ့လာကြည့်လျှင် လွတ်လပ်ရေးရပြီး သုံးလအကြာတွင် လက်နက်ကိုင် ပဋိပက္ခများ စတင်ပေါ်ပေါက်လာပြီး ပါလီမန် ဒီမိုကရေစီအစိုးရလက်ထက်မှစတင်၍ ခေတ်အဆက်ဆက်အစိုးရများက ငြိမ်းချမ် ရေးရရှိအောင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။
ငြိမ်းချမ်းရေးကိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိသလို မအောင်မြင်မှုများလည်းရှိခဲ့သည်။ ပထမဒီမိုကရေစီ အစိုးရသက်တမ်းကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဒုတိယဒီမိုကရေစီအစိုးရ သက်တမ်းကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားပြည်သူအများစု၏ သဘောထားဆန္ဒကို လက်ခံနားလည်သဘောပေါက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်၍ တွေ့ဆုံဆွေးနွေးအဖြေရှာ နေကြသည်။
ငြိမ်းချမ်းရေး၏ အန္တိမပန်းတိုင်သည် ထာဝရငြိမ်းချမ်းရေး ရရှိရေးဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းသွားစေရေးဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးကို မျှော်မှန်း၍ ငြိမ်းချမ်းရေးကို ဆွေးနွေးကြရာတွင် တိုင်းရင်းသားပြည်သူများ လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို မူဘောင်အဖြစ်ရပ်တည်ကာ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများရှိကြသော်လည်း မြန်မာနိုင်ငံ ပထဝီအနေထား၊ လူမျိုး၊ သမိုင်းကြောင်းကိုအခြေခံ၍ လိုက်လျောညီထွေရှိမည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။
မိမိတို့လိုအင်ဆန္ဒများကို လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းဖြင့် မရနိုင်သည်ကို မြန်မာ့သမိုင်းတွင် အထင်အရှားသက်သေပြဆိုထားသည်။ ယခုအခါတွင် နိုင်ငံတော်အကြီးအကဲနှင့် တိုက်ရိုက်တွေ့ဆုံပြီးနောက် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာခြင်း၊ လာမည့်ကာလ၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်ပြီး ပြည်သူရွေးချယ်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်တွင်း၌ ဆွေးနွေး အဖြေရှာကြခြင်းသည် ထာဝရငြိမ်းချမ်းရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းထားသည့်ပန်းတိုင်သို့ ရောက်ရှိစေမည့် နိုင်ငံတော်က ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရှေ့လုပ်ငန်းစဉ်နှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ပေါ်လာစေရန် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးအတူပါဝင်လက်တွဲ၍ ဆွေးနွေး ညှိနှိုင်း အဖြေရှာဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ