ဗညားကျန်းထော
ထီပေါက်သလိုပျော်သော ပျော်ရွှင်မှုခံစားချက်မျိုး မခံစားရသည်မှာ ကြာတောင့်ကြာခဲ့ပြီ။ ချစ်သူဆီက အဖြေရသောနေ့၊ ရှင်လိင်ပြန်သောနေ့၊ ထောင်ကထွက်သောနေ့၊ ထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲဆင်နွှဲသောနေ့ သို့မဟုတ် မင်္ဂလာဦးည စသည်ဖြင့် စိတ်လှုပ်ရှားရသော အမှတ်တရအချိန်ကာလမျိုးတွေ ရှိတတ်ကြပေသည်။ ရာထူးတိုးခြင်း၊ စာပေဆုရခြင်းများသည်လည်း ဝမ်းသာခဲ့ရပါ၏။ ကိုယ့်ဘဝ ကိုယ့်ကိစ္စ၊ ကိုယ့်အတွက်ဟုဆိုရမည့် ပျော်ရွှင်ခြင်းမျှသာ။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအကြောင်း
၁၇-၆-၂၀၂၂ ရက်နေ့ (သောကြာနေ့)တွင် မိမိပျော်ရွှင်ရခြင်းကား ကိုယ့်အတွက် ကိုယ်ရေးကိုယ်တာ ဘာမျှမပါ။ ထိုနေ့နံနက်က သွားဆေးကုဌာန၊ ဆေးရုံသို့သွားရောဂါ သွားပြရသည်။ ဆရာဝန်နှင့် စကားပြောရင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအကြောင်း၊ သူနာပြုဘယ်သူဘယ်ဝါ ၏ သမီးအောင်ကြောင်း၊ သူ့ဆွေမျိုးတွေရှိရာ (ဒေါက်တာတို့) ပြည်နယ်တစ်ခုမှ သူတို့ပြည်နယ်သည် တစ်နိုင်ငံလုံးမှာ ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး အခြေအနေကို သိရှိရကြောင်း စသည်ဖြင့် ဒေါက်တာက ဝမ်းသာအားရ ပြောပြသည်။ လမ်းမှာတွေ့ရသည့် မိတ်ဆွေတစ်ဦးကလည်း သူ့သားစာမေးပွဲအောင်ကြောင်း လာပြောသည်။ ဝမ်းသာခြင်းက မုဒိတာဖြင့် ကူးစက်မျှဝေ ခံစားရသည်။
အိမ်မှာလာရောက်ကူညီ လုပ်ကိုင်ပေးနေသော တောက ဆွေမျိုးတူမလေးကလည်း ယနေ့တက္ကသိုလ်ဝင်စာမေးပွဲမှာ သူဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ကြောင်း မှိုရသောမျက်နှာဖြင့် လာပြောသည်။ အညာကဇာတိရွာမှ နှမဝမ်းကွဲ တစ်ယောက်ကလည်း ဘယ်သူဘယ်ဝါ၏သမီး တစ်ဘာသာ (ဘောဂဗေဒ) ဂုဏ်ထူးပါပြီး ဆယ်တန်းစာမေးပွဲ နှစ်ချင်းပေါက် အောင်ကြောင်း ဖုန်းထဲမှာ ဝမ်းသာတက်ကြွနေသောလေသံဖြင့် အသိပေးသည်။ ကျေးရွာမှာ ဒါမျိုးကရှား၏။
ကျရှုံးသူတွေ ဘယ်သူတွေရှိလေသနည်းတော့မသိ။ မိမိယနေ့ထိတွေ့ သိရှိရသမျှကတော့ အပြုံးပန်းတွေ အပြိုင်အဆိုင် ဝေနေကြသော မင်္ဂလာ သတင်းတွေချည်း ကြားနေရပေသည်။
၂၀၂၂ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ နှစ်တိုင်းကထက် သိသိသာသာ အောင်ချက်နှုန်း ပိုကောင်းသည်ဟု ထင်မိပါသည်။ အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဟု သိရပေသည်။ ဆယ်တန်း စာမေးပွဲဖြေဆိုသူပေါင်း တစ်နိုင်ငံလုံးမှလူဦးရေ ၂၈၁၇၅၁ ဦး (နှစ်သိန်းရှစ်သောင်းကျော်) ရှိခဲ့ပါသည်။ အောင်မြင်သော ကျောင်းသား ကျောင်းသူဦးရေ ၁၃၂၀၇၇ ဦး (တစ်သိန်းသုံးသောင်းကျော်) ရှိသည် ဆို၏။ လူငယ်ကျောင်းသား မောင်မယ်ပေါင်း တစ်သောင်းကျော် တက္ကသိုလ်ဝင်စာမေးပွဲအောင်ခြင်းသတင်းကား လှိုက်လှိုက်လှဲလှဲ ဝမ်းသာပျော်ရွှင် စရာကောင်းသောနေ့ အမှန်ပါတည်း။ စာမေးပွဲအောင်သော လူငယ်တစ်ဦးချင်းစီနှင့် သူတို့၏မိဘ နှစ်ပါး၊ သူတို့ ဆရာ ဆရာမများ၊ ဆွေမျိုး၊ ရပ်ရွာ အသိုက်အဝန်းများပါ ပျော်ရွှင်မှုတွေ ပျံ့နှံ့ကူးစက်လာကြသဖြင့် စာရေးသူအပါအဝင် မိသားစုတစ်အိမ်လုံးပင် ပျော်ရွှင်နေမိပါတော့သည်။ မျက်နှာတွေ ကြည်လင်၊ စကားသံတွေပိုကျယ်၊ ရယ်မောသံများ မြိုင်မြိုင်ဆိုင်ဆိုင်။
မန္တလေးတိုင်းဒေသကြီးလည်း အောင်ချက်ကောင်းလှသည်ဟု သတင်းရ၏။ ၄၉ ဒသမ ၉၂ ရာခိုင်နှုန်းဆိုတော့ ၅၀ ရာခိုင်နှုန်းဟုပင် ဆိုနိုင်ပါ၏။ ပို၍ထူးခြားသည်မှာ မန္တလေးမြို့ အမှတ်(၁၆) အထက်တန်းကျောင်းမှ မအိမ့်မှူးခင်သည် ရမှတ် ၅၅၈ မှတ်ဖြင့် ပထမရရှိခြင်းဖြစ်၏။ သူက သိပ္ပံ ဘာသာတွဲမှာ ပထမရသူလည်းဖြစ်၏။ ဘာသာတွဲ အလိုက် တစ်နိုင်ငံလုံးမှာ ပထမရသူများလည်း ထူးချွန်ကြပါပေသည်။
ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ပထမရရှိသူ မှာ ကျွန်းလှမြို့နယ် သစ်ရာမြိုင် အထကမှ ၅၃၄ မှတ်ရသူ မငြိမ်းမို့မို့ထွန်း ဖြစ်လေသည်။
ဝိဇ္ဇာသိပ္ပံဘာသာတွဲ အမှတ်အများဆုံး ပထမ ရရှိသူမှာ ဘီးလင်းမြို့နယ် တောင်စွန်းအထကမှ ၅၂၂ မှတ်ရသူ မောင်ဆန်းဝင်းနောင်ဖြစ်ပေသည်။
မအိမ့်မှူးခင်(မန္တလေး)၊ မငြိမ်းမို့မို့ထွန်း (ကျွန်းလှ)နှင့် မောင်ဆန်းဝင်းနောင်(ဘီးလင်း)တို့ ကဲ့သို့ အမှတ်အများဆုံး ထိပ်ဆုံး ၁၀ ဦး အမည် စာရင်းများကိုလည်း လက်ကိုင်ဖုန်းထဲက တယ်လီ ဂရမ်(Myanmar Update News) သတင်းမှာ စာရင်းဇယားဖြင့် ဖော်ပြထုတ်ပြန်ပေးထားသည်။
ကျောင်းသူ မအိမ့်မှူးခင်၏စကားသံ
ကြေးမုံသတင်းစာတွင် ဖော်ပြထားသော မန္တလေးအထက (၁၆) မှ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်မြင်ကြသူ ၁၃၂၀၇၇ ဦးမှ အမှတ် ၅၅၈ မှတ်ဖြင့် ပထမစွဲသော ကျောင်းသူ မအိမ့်မှူးခင်၏ စကားသံကလည်း မှတ်သားစရာကောင်းသည်။
“ဒီလိုအောင်မြင်ဖို့အတွက် စာသင်နှစ်အစ ကတည်းက တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်တဲ့အပြင် သင်ပြီးတဲ့စာတွေကိုလည်း အချိန်မှန်ပြန်လေ့ကျင့်ပါတယ်။ သမီးက ကလေးဘဝကတည်းက အခုအချိန်အထိ စာတွေသင်ကြားပေးတဲ့ ဆရာ ဆရာမတွေ၊ ယခု တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း သေသေချာချာ သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ တက္ကသိုလ်ဝင်တန်း စတင်တက်ရောက်တဲ့အချိန်မှာတော့ အမှတ်ကောင်းရမယ်၊ ဂုဏ်ထူးလည်းထွက် ရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုတစ်နိုင်ငံလုံး ပထမရမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုလို ပထမရတဲ့အပေါ်မှာ ဝမ်းသာမိပါတယ်။ သမီးရဲ့ အဖေနဲ့အမေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ စာမေးပွဲမှာ ဘယ်လိုရလဒ် တွေပဲထွက်ထွက် အနာဂတ်အတွက် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်”။
အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်သည် ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ ကလေး မဟုတ်တော့သော်လည်း လူကြီးလည်း ပီပီသသမဟုတ်သေး။ အသက်အပိုင်းအခြားအရ ၁၈ နှစ် ပြည့်ပြီးလျှင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိုင်ငံသားတစ်ယောက်၏ တာဝန်နှင့် အခွင့်အရေးအရ ရွေးကောက်ပွဲမှာ မဲဆန္ဒပေးပိုင်ခွင့်တော့ ရကြပေပြီ။ ထို့ကြောင့် အသက် ၁၈ နှစ်ကျော်သော တက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် နိုင်ငံရေးကို လေ့လာသိရှိသင့်ကြပါသည်။ ပတ်ဝန်းကျင်မှာ ရေပန်းစားနေသော ဝါဒရေးရာများ၊ ဆွဲဆောင်နေမှုများသည် အချိန်အခါ၊ အခြေအနေနှင့် ကိုက်ညီသည်လည်း ရှိနိုင်သည်။ မကိုက်ညီဘဲရှိကြသည်ကိုလည်း တွေ့ရနိုင်သည်။ လွတ်လပ်ရေး၊ တော်လှန်ရေး၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ စသည့် ဝေါဟာရများသည် စာအုပ်စာပေထဲတွင် ဥပဒေစကားလုံးကဲ့သို့ တိကျစွာ အနက်အဓိပ္ပာယ် ဖွင့်ထားခြင်းမျိုး ရှိကောင်းရှိကြမည်။ တကယ့် လက်တွေ့ဘဝတွင်တော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ စနစ်ဆိုပြီး ကြိုးစားလုပ်ဆောင်နေကြသော နိုင်ငံ ပေါင်း ၉၁ နိုင်ငံကျော်ကျော်မှာ ဒီမိုကရေစီစံနှုန်း များဖြင့် ညီညွတ်သောနိုင်ငံဟူ၍ ၁၉ နိုင်ငံမျှသာ ရှိသေးသည်ဟူသော အချက်မျိုးက အခြေခံကျကျ သိရမည့်အရာ ဖြစ်ပေသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် ၁၉၄၅-၁၉၅၀ ကာလဆီမှ ၂၀ ရာစု ဒုတိယနှစ် ၅၀ ကာလကို ဖြတ်သန်းခဲ့ကြသော အရှေ့တောင်အာရှ နိုင်ငံများသည် နောက်ခံအကြောင်းအမျိုးမျိုးဖြင့် လက်နက်ကိုင် ဆူပူတိုက်ခိုက်မှုများဖြင့် လုံးချာလည် လိုက်ခဲ့ကြ၏။ လာအို၊ ကမ်ပူးချား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ စသည်တို့မှာ မငြိမ်သက်ခဲ့။ လက်နက်ကိုင်ပုန်ကန် ခြားနားသော တိုက်ပွဲများကြောင့် ပြည်သူလူထု အများစု ဒုက္ခရောက်ခဲ့ကြရ၏။ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်စသော အနောက်တိုင်း အရင်းရှင်နယ်ချဲ့များ၏ အားပေးထောက်ပံ့မှုများ၊ လက်ဝဲအစွန်းရောက်နိုင်ငံအချို့၏ ဝါဒရေးမှိုင်းတိုက်မှုကြောင့်လည်း ဆင်းရဲခြင်း သံသရာလည်ခဲ့ကြရ လေသည်။
အာရှခေတ်ကောင်း
တတိယထောင်စုနှစ်ကို ကူးပြောင်းရောက်ရှိလာသော အချိန်တွင်မူ အရင်းရှင်နယ်ချဲ့လက်အောက် ဩဇာသက်ရောက်မှုများ လျော့ပါးကာ စက်မှုခေတ်မှသည် နည်းပညာခေတ်၊ အဆင့်မြင့် နည်းပညာခေတ်ဆီသို့ ၁၈၈၈ နောက်ပိုင်း (နှစ်ပေါင်း ၃၀ အတွင်း) ၂၁ ရာစုအချိန်ကာလသည် အာရှခေတ်ကောင်းထူးခြားဆန်းသစ်မည့် အလား အလာဟု နိုင်ငံတကာ အကဲခတ်လေ့လာသူများက ပြောကြားလာကြသည်။
ခေတ်သစ်တစ်ခုကို အရှိန်အဟုန်ဖြင့် ကူးပြောင်းရတော့မည့် ယနေ့အချိန်အခါတွင် ၂၀၂၂ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုခဲ့ကြသူ သုံးသိန်းနီးနီးထဲမှ စာမေးပွဲအောင်မြင်ခဲ့သော တစ်သိန်းကျော်လူငယ် လေးများသည် အတော်ထုသားပေသားရသော ပင်ကိုစွမ်းရည် သန်မာကြသူများဟု တန်ဖိုးဖြတ်ရပေလိမ့်မည်။ တစ်ကမ္ဘာလုံးချီကာ ကူးစက်ဖြစ်ပွားကာ အသေအပျောက် ကြောက်စရာကောင်းလောက် အောင်ခြိမ်းခြောက်သော ကူးစက်မြန် အဆုတ် ရောဂါ ကိုဗစ်-၁၉ ၏ ကပ်ရောဂါဘေးကြီးကို ဖြတ်သန်းကြရသည်။ မိသားစုထဲမှဖြစ်စေ၊ ဆွေမျိုးထဲမှဖြစ်စေ၊ ရပ်ရွာထဲမှဖြစ်စေ ကိုဗစ်-၁၉ ကြောင့် နေ့မြင် ညပျောက် သင်္ချိုင်းရောက်သွားသူတွေကို မြင်တွေ့ခဲ့ကြရမည်။
အလားတူ စိတ်ချောက်ချားစရာကောင်းလှသော ဘေးဆိုးအန္တရာယ်ဆိုး နောက်တစ်ရပ်မှာ မြန်မာ့အကျိုးကို မလိုလားသည့် နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့၏ မြှောက်ပင့်သွေးထိုးမှုဖြင့်၊ အလှူငွေ၊ ထောက်ပံ့ငွေများဖြင့် ကျောင်းများကိုဗုံးခွဲ၊ ဆရာ ဆရာမများကိုသတ်၊ ရဟန်းသာမဏေများကို သတ်ဖြတ်၊ ကျောင်းသားတွေ ကျောင်းမတက်ရဲအောင် ခြိမ်းခြောက်၊ (ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်းမျိုးကို ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံကမှ လက်မခံသော စစ်ရာဇဝတ်မှုမြောက်သည့် ယုတ်မာရက်စက် ရိုင်းစိုင်းမှုများ) လုပ်ဆောင်နေသည့် CRPH, NUG, PDF စသော အဖျက်လုပ်ရပ်လက်နက်ကိုင် အကြမ်းဖက်တို့၏ ပြည်သူများကို နှိပ်စက်ညှဉ်းဆဲမှုများ ဖြစ်၏။ လူငယ်များ ကြားနေမြင်နေခဲ့ကြ၏။
သေဆုံးရရှာသူ ၂၇၀၀ ကျော်ခဲ့ပြီ
ပြည်သူလူထုကို ခြိမ်းခြောက်ရန်လုပ်ကာ လက်နက်အားကိုးဖြင့် နွားရူးဆူးတိုး လုပ်ဆောင်နေခြင်းများကြောင့် ရဟန်းသံဃာများ၊ အရပ်သူအရပ်သားများ၊ အပြစ်မရှိသော ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ၃၀-၄-၂၀၂၂ ရက်နေ့အထိ သေဆုံးရရှာသူ ၂၇၀၀ ကျော်ခဲ့ပြီ။ ကျောင်းသွားရင်း၊ လမ်းသွားရင်း၊ အိမ်မှာနေရင်း NUG, PDF, လက်နက်ကိုင် အကြမ်းဖက်သတ်ဖြတ် ဗုံးခွဲမှုကြောင့် အကာလ မရဏဖြင့် သေလွန်ရခြင်းများကို ကြားနေမြင်နေကြရသည်။ ကျောင်းသွားရတာ တထိတ်ထိတ်၊ စာသင်ရတာပင် တလန့်လန့်၊ စာကျက်ရတာ စိတ်မဖြောင့်။ ကျောင်းသား ကျောင်းသူ လူငယ်ပေါင်းများစွာကို စိတ်ဆင်းရဲအောင် ဖိစီးနှိပ်စက်သော ဘေးဆိုးအား ရဲရဲဝံ့ဝံ့ဖြတ်သန်း လွန်မြောက်ခဲ့ကြသည်။
တက္ကသိုလ်တက်လျှင် ဖြောင့်ဖြောင့်မတက်ရအောင်၊ အလုပ်ခွင်ဝင်လျှင် ပျော်ပျော်ရွှင်ရွှင် မလုပ်ရအောင် ထိုအဖျက်သမားအချို့တို့သည် ဆက်လက် နှောင့်ယှက် ဖျက်ဆီးနေကြဦးမည်ပဲဖြစ်၏။ အဘယ်ကြောင့်နည်း။
ပြည်ပက သူတို့ဆရာကြီးများက ဒေါ်လာပေး၍ ကြိုးဆွဲနေကြသဖြင့် ဘုမသိ ဘမသိ လူညံ့၊ လူမိုက်၊ လူယုတ်မာများသည် မသေမချင်း ဆက်ကနေကြမည်ပင်၊ မှားတတ်သည်မှာ လူ့သဘာဝဖြစ်ပါ၏။ သည်းခံခွင့်လွှတ်ရ၏။
မှားမှန်းမသိသူက လူညံ့။
သိလျက်နှင့်ဆက်မှားနေသူကား လူမိုက်။မှားဖို့ကိုပင် ဆက်လက်ကြိုးစားနေသေးသူမှာလူယုတ်မာ။
မိမိတို့တိုင်းရင်းသား၊ ကိုယ့်အမျိုးသား၊ ကိုယ့် လူမျိုးချင်းမို့ မိသားစုအဖြစ် သဘောထားကြီးစွာ ခွင့်လွှတ်သည်းခံခြင်းတွင် အချိန်ကာလအပိုင်း အခြားတစ်ခုတော့ ရှိလိမ့်မည်ထင်ရပေသည်။ အမှားသိမြင်အမှန်ပြင်။
ယနေ့ခေတ်လူငယ်များသည်ကား ကူးစက်မြန် ကပ်ရောဂါဘေးဆိုးကိုလည်း စည်းလုံးညီညာ ကျန်းမာရေးစည်းကမ်း လိုက်နာကြခြင်းဖြင့် ကျော်လွန်နိုင်ခဲ့ကြပြီ။ အဖျက်သမားလူညံ့လူမိုက် များ၏ ဘေးရန်ကိုလည်း ကျော်ဖြတ်ခဲ့ကြပြီ။ နည်းပညာခေတ်၊ အာရှခေတ်သစ်မှာ နိုင်ငံတကာတိုးတက်ပြောင်းလဲမှုများနှင့်အညီ တစ်ယောက်တစ်လက် ပါဝင်ထူထောင်တည်ဆောက်နိုင်ရန် ပါဝင်လာကြမည်ဟု အပြည့်အဝ ယုံကြည်ပါသည်။ ။