ခရမ်းစိုးမြင့်

 

ရှမ်းပြည်နယ်၏မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၀၂ ပေမြင့်သော ရှမ်းရိုးမတောင်တန်းပေါ်တွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်ခန့်က ယခုတောင်ကြီးဟုခေါ်ဝေါ်သည့် ထိုနေရာ၌ပင် ပအိုဝ်းရွာလေးတစ်ရွာရှိခဲ့သည်။ ရွာ၏အမည်မှာ “ဒုံတောင်တီ”ဟု အမည်ရှိသည်။ ထိုရွာနှင့်အနီးတစ်ဝိုက်တွင် ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ဝါးပြားရွာတို့ရှိသည်။ ၎င်းအပြင် ရေကန်လေးကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်ဟု သိရသည်။

 

တောင်ကြီးမြို့ကို ယင်းနေရာ၌ ၁၂၅၃ ခုနှစ် (ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်) တွင် တည်ထောင်ခဲ့ပြီး ပထမရွှေညောင်မြို့နယ် မိုင်းသောက်ကျေးရွာတွင် စတင်ရုံးစိုက်ခဲ့သည်။ ၎င်းနောက် ၁၈၉၄ ခုနှစ်ရောက်မှ ယခုတောင်ကြီးမြို့နေရာသို့ ပြောင်းရွှေ့ ခဲ့သဖြင့် တောင်ကြီးမြို့၏သက်တမ်းသည် အနှစ် ၁၀၀ ကျော်ပြီဟု သိရသည်။

 

ရှမ်းပြည်သည် တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းဟူ၍ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းဟု ခေါ်တွင်သည့် ကျိုင်းတုံဒေသသည်လည်း ကဿပမြတ်စွာဘုရားလက်ထက်တွင် ခဏ္ဍာဝဇီရရိမင်း စိုးစံတော်မူပြီးနောက် ဆက်ခံစိုးစံမည့် အနွယ်တော်မရှိဖြစ်နေစဉ် ဂေါပါလအမည်ရှိ နွားကျောင်းသားသည် ကျီးတို့၏ကျေးဇူးကြောင့် ခဏ္ဍာဝဇီရ ပြည်ကို ရောက်ရှိပြီးနောက် ဘုရင်ဖြစ်လာသည်။ ဂေါပါလမင်းအုပ်စိုးစဉ် တိုင်းပြည်ကို ရေလွှမ်းမိုးပြီး ရေအိုင်ကြီးဖြစ်သွားရာ ဓမ္မိလရေအိုင်ဟု အမည်တွင် ခဲ့လေသည်။ ဂေါတမမြတ်စွာဘုရားလက်ထက် ရောက်သောအခါ တုံကရသေ့က ဓမ္မိလရေအိုင်ကြီး ကို တောင်ဝှေးထောက်၍ ရေခန်းအောင်ပြုလုပ်ပြီး မြို့တည်လေသည်။ ကျိုင်းတုံကို ယခင်က “ဇိန်းတုံ” ဟုခေါ်သည်။ ကျိုင်းတုံခရိုင်မှ မိုင်းခတ်မြို့နယ်သည် ၁၉၆၂ ခုနှစ်အထိ မြို့အဖြစ် ရပ်တည်ခဲ့ခြင်းမရှိ သေးဘဲ မိုင်းယန်းမြို့နယ်မှ နယ်ခြားဝန်ထောက် လက်အောက်ခံမျှသာဖြစ်သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆ ပေတွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ နမ့်ဆန်မြို့နယ်မှ တောင်ကျော်တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၇၄၇၀ မြင့်သည်။ ကျယ်ပြန့်သော လွင်ပြင်နှင့် ဒေသပတ်ဝန်းကျင်တွင် တောင်စွယ်တောင်တန်းများရှိပြီး တောင်ကုန်း တောင်တန်းများ ပေါများသည်။ အထင်ကရနေရာများမှာ ဘော်ကြို ဘုရား၊ နန့်ဟူးနွဲ့ရေတံခွန်၊ ရုရှားတောင်၊ မန်ဆူ ဘုရား၊ ဂုတ်တွင်း View Point တို့ဖြစ်သည်။

 

ထိုသို့ တောင်ကုန်းတောင်တန်းများ ပေါများ၍ ဝေးလံခေါင်သီသည့် ဒေသဖြစ်သော်လည်း နိုင်ငံတော်အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်နယ် တစ်ခုလုံးမှ တိုင်းရင်းသားပြည်သူများ၊ ဝန်ထမ်းများ၊ ပင်စင်စားများအတွက် ဝန်ထမ်းအိမ်ရာများ၊ အငှားအိမ်ရာများနှင့် အရောင်းအိမ်ရာများကို ပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် တည်ဆောက် ပေးလျက်ရှိသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသည် လူသားတို့၏ အခြေခံလိုအပ်ချက် ဖြစ်သော စားဝတ်နေရေးတွင် အဓိကလိုအပ်ချက် နေရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဌာနကြီးတစ်ခုဖြစ်သည်နှင့်အညီ တောင်ကြီးမြို့တွင် ပြည်နယ်ရုံးထိုင်ပြီး ရှမ်း(တောင်)၊ ရှမ်း(မြောက်)၊ ရှမ်း(အရှေ့)တို့အား ကျစ်လျစ်သိပ်သည်းစွာဖြင့် စီမံကွပ်ကဲဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ ဒေသကြီးတွင် ငါးရုံး၊ ခရိုင်ရုံး သုံးရုံး၊ မြို့နယ်ရုံးသုံးရုံးတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

အိမ်ရာကဏ္ဍ

 

ဝန်ထမ်းအိမ်ရာများကို ၁၉၆၇-၁၉၆၈ ခုနှစ် တွင် တောင်ကြီးမြို့၌ လေးခန်းတွဲ သုံးထပ်တိုက် ခြောက်လုံး၊ အခန်း ၇၂ ခန်းနှင့် ၁၉၆၉-၁၉၇၀ ခုနှစ် တွင် ကျိုင်းတုံမြို့၌ ခြောက်ခန်းတွဲ နှစ်ထပ် သုံးလုံး၊ ရှစ်ခန်းတွဲ နှစ်ထပ်တစ်လုံး၊ အခန်းပေါင်း ၂၆ ခန်းတို့ဖြင့် စတင်ဆောက်လုပ်ပြီး ဝန်ထမ်းများကို နေရာချထားပေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် မူဆယ် မြို့၌ နှစ်ထပ်လုံးချင်းတိုက် အလုံး ၄၀ ဖြင့် ဆောင်ရွက်ခဲ့ပြီး ၁၉၉၇-၁၉၉၈ ခုနှစ်တွင် လားရှိုး မြို့၌ ခြောက်ခန်းတွဲနှစ်ထပ် ခြောက်လုံး၊ အခန်း ၃၆ ခန်းနှင့် တာချီလိတ်မြို့တွင် ခြောက်ခန်းတွဲ နှစ်ထပ်တစ်လုံး၊ ၁၂ ခန်းတွဲ နှစ်ထပ် သုံးလုံး ၇၂ခန်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် လောက်ကိုင်မြို့၌ ရှစ်ခန်းတွဲ နှစ်ထပ်တစ်လုံး ရှစ်ခန်းကို ဆောင်ရွက်ခဲ့သည်။

 

ပြည်နယ်ဦးစီးမှူးရုံးများ မဖွင့်ခင်အထိမြို့နယ် ခြောက်မြို့နယ်တွင်သာ ဝန်ထမ်းအိမ်ရာဆောင်ရွက် နိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြည်နယ်ဦးစီးမှူးရုံးများ ကို ဦးစီးအရာရှိအဆင့်ဖြင့် စတင်ဖွဲ့စည်းသည့်အချိန်တွင် ဟိုပုံးမြို့၊ နမ့်ဆန်မြို့၊ ပင်းတယမြို့၊ ဟိုပန်မြို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး လေးမြို့တွင် ဝန်ထမ်းအိမ်ရာ ထပ်မံ တည်ဆောက်နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီလမှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ညွှန်ကြားရေးမှူးအဆင့် တိုးမြှင့် ဆောင်ရွက်ပြီးချိန်မှစတင်၍ လုပ်ငန်းများကို သိသိသာသာ ထိထိရောက်ရောက် ပိုမိုဆောင်ရွက်လာနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်မတိုင်မီက မြို့ပေါင်း ၁၀ မြို့တွင် အခန်းပေါင်း ၆၉၂ ခန်းသာ ဆောင်ရွက် နိုင်ခဲ့ရာမှ ယနေ့အချိန်တွင် မြို့ပေါင်း ၁၆ မြို့တွင် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁၁၇၀ ကို တိုးချဲ့ တည်ဆောက်နိုင်ခဲ့သည်။ သို့ဖြစ်၍ မြို့ပေါင်း ၂၆ မြို့တွင် စုစုပေါင်းဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၈၆၂ ခန်း ဆောင်ရွက်နိုင်ခဲ့သည်။

 

ပြည်သူ့အငှားအိမ်ရာကိုလည်း တောင်ကြီးမြို့ တွင် လေးခန်းတွဲ ငါးထပ် ခြောက်လုံး၊ အခန်း ၁၂၀ နှင့် တာချီလိတ်မြို့တို့တွင် ရှစ်ခန်းတွဲ ငါးထပ်တိုက် တစ်လုံး၊ ၃၆ ခန်းတို့ကို တည်ဆောက်ပြီး ပြည်သူ များအား သက်သာသောနှုန်းထားဖြင့် ငှားရမ်းပေး နိုင်ခဲ့သည်။ ၎င်းတို့မှာ တောင်ကြီးမြို့၌ လေးခန်းတွဲ ငါးထပ်တိုက် သုံးလုံး အခန်း ၆၀ ကို ငှားရမ်းခ ငွေကျပ် ၃၀၀၀၀ နှုန်း (ပါဝင်အခန်းမှာ အိပ်ခန်း သုံးခန်း အကျယ်အဝန်း ၇၅၀ စတုရန်းပေ၊ လေးခန်း တွဲ ငါးထပ်တိုက် သုံးလုံး အခန်း ၆၀ ကို ငှားရမ်းခ ငွေကျပ် ၂၀၀၀၀ နှုန်း (ပါဝင်အခန်းမှာ အိပ်ခန်း တစ်ခန်း အကျယ်အဝန်း ၆၅၀ စတုရန်းပေ)၊ တာချီလိတ်မြို့တွင် ရှစ်ခန်းတွဲ ငါးထပ် နှစ်လုံး ၃၆ ခန်းကို ငှားရမ်းခ ငွေကျပ်၂၀၀၀၀ နှုန်း Hall Type အကျယ်အဝန်း ၄၃၈ စတုရန်းပေ (မီးဖိုဘေစင်၊ ရေချိုးခန်း၊ အိမ်သာတွဲလျက်ပါဝင်)၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်း ဝန်ထမ်းအိမ်ရာအတွက် မြို့ပေါင်း ၁၁ မြို့တွင် အဆောက်အအုံပေါင်း ၁၂ လုံး၊ အခန်းပေါင်း ၁၇၆ ခန်း တည်ဆောက်ခဲ့သည်။

 

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရေးဆွဲခြင်းကို ၁၉၉၀ ခုနှစ်ခန့်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မြို့ပြစီမံကိန်း ၁၁ မြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မြို့ပြစီမံကိန်း ခြောက်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မြို့ပြ စီမံကိန်း ခြောက်မြို့ ရေးဆွဲထားပြီးဖြစ်သည်။ ဆက်လက်၍ ရေးဆွဲရန်ကျန်ရှိသော မြို့များအား မြို့ပြစီမံကိန်းများ ဆက်လက်ရေးဆွဲရန်နှင့် ရေးဆွဲ ပြီးမြို့များကိုလည်း လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေရှိမည့် မြို့ပြစီမံကိန်းများကို Update(Revised) ပြန်လည်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည်။ မြို့ပြစီမံကိန်း (Town Plan) များ ရေးဆွဲခြင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်နေပြည်တော်မှ ကျွမ်းကျင်ပညာရှင်များဖြင့် သက်ဆိုင်ရာဒေသမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ မြို့ခံများ၊ အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ဆွေးနွေးပြီး ဆောင်ရွက်လျက်ရှိသည်။

 

ဆောင်ရွက်ပြီးခဲ့သည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးခဲ့သည့်လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့တွင် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ဆီဆိုင်မြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ကွန်ဟိန်းမြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံး၊ မိုင်းပန်မြို့၌ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးတို့ကိုတည်ဆောက် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဟိုပုံးမြို့၌ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ရပ်စောက်မြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်း အိမ်ရာတစ်လုံး၊ ရွာငံမြို့ ခြောက်ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ပင်းတယမြို့၌ လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာတစ်လုံး၊ လွိုင်လင်မြို့၌ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ တစ်လုံး တို့မှာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် တည်ဆောက် ပြီးစီးခဲ့သည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုငွေများဖြင့် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ မိုင်းဖြတ်မြို့၌ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံး၊ မိုင်းတုံမြို့၌ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးတို့ကို ပြီးစီး အောင် တည်ဆောက်ပေးထားပြီး ကျိုင်းတုံမြို့တွင် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ မိုင်းဆတ်မြို့၌ လေးခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ တစ်လုံး၊ မိုင်းဖြတ်မြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးတို့မှာ ၂၀၂၂ ခုနှစ် မတ်လ ကုန်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

 

ဆက်လက်၍ ကျောက်မဲမြို့၌ လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ မူဆယ်မြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံး၊ သိန္နီမြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ ဟိုပန်မြို့၌ လေးခန်းတွဲ သုံးထပ် ဝန်ထမ်း အိမ်ရာတစ်လုံးတို့ ပြီးစီးအောင် တည်ဆောက် ပေးခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့၌ လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ မူဆယ်မြို့၌ လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံး၊ မိုးမိတ်မြို့၌ လေးခန်းတွဲသုံးထပ် ဝန်ထမ်း အိမ်ရာ တစ်လုံးတို့ကို ၂၀၂၂ ခုနှစ် မတ်လကုန်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

 

ရှမ်းပြည်နယ်တွင် ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဝန်ထမ်းအိမ်ရာတိုက်၇၄လုံး၊ အခန်းပေါင်း ၁၁၇၀၊ အငှားအိမ်ရာတိုက် ခုနစ်လုံး၊ အခန်း ၁၅၆ ခန်း၊ အရောင်းအိမ်ရာ တိုက် ၈၁ လုံး၊ အခန်း ၁၃၂၆ ခန်းတို့ကို တည်ဆောက်ကာ ငှားရမ်း ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်အထိ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၁၀ မြို့နယ်သာဝန်ထမ်း အိမ်ရာတိုက် ၁၅ လုံးနှင့် အခန်း ၆၉၂ ခန်း ရှိရာမှာ နောက်ထပ် ၁၆ မြို့နယ် ထပ်မံတိုးချဲ့၍ ဝန်ထမ်း အိမ်ရာတိုက် ၇၄ လုံး၊ အခန်းပေါင်း ၁၁၇၀ နှင့် အငှားအိမ်ရာတိုက် ခုနစ်လုံး၊ အခန်း ၁၅၆ ခန်းတို့ကို တည်ဆောက်ပေးနိုင်ခဲ့သောကြောင့် ယခုအခါ ရှမ်းပြည်နယ်တွင် ဝန်ထမ်းအိမ်ရာ တိုက် ၁၇၉ လုံးနှင့် အခန်းပေါင်း ၁၈၆၂ ခန်းအထိ ရှိနေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။