မောင်သိန်းဆိုင်

 

သည်တွင် ကိုကျော့မောင်က သူဖုန်းဆက်ခဲ့ကြောင်း ပြောပြသည်။ ယခုအချိန်အထိ နန်းကိန္နရီ စကားတစ်ခွန်းမျှ မပြောဖြစ်သေး။

 

ကိုမောင်မောင်ဦးနှင့် နန်းကိန္နရီတို့၏ ဆုံတွေ့မှုမှာ သူစိမ်းဆန်လျက် ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိလွန်းလှသည်ဟု ကိုကျော့မောင်ထင်သည်။ သူသည် ယင်းအဖြစ်ကို မလိုလားနိုင်လောက်အောင် ရှိလာကာ စကားဝင်ပြောချင်နေသည်။ သို့တိုင်အောင် သူသည်လည်း စကားမပြောမိ။ ဆက်လက် ဆိတ်ငြိမ်နေမြဲပင်။

 

“ခင်ခင်ကြီး နေကောင်းလားဟင်”

 

အတန်ကြာမှ ကိုမောင်မောင်ဦး မေးသည်။ နန်းကိန္နရီ ခေါင်းညိတ်ပြသည်။

 

“ကလေး အခုလာတာ ဝမ်းသာပါတယ်။ အစားအစာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နောက်ကို မလာခဲ့နဲ့တော့နော်။ နောက်ကို တစ်ယောက်နဲ့တစ်ယောက် တွေ့ရအောင်လည်း ဘယ်တော့မှ မကြိုးစားနဲ့တော့ သိလား”

 

ကိုမောင်မောင်ဦး၏ စိမ်းကားပြတ်တောက်သော စကား။ ယင်းစကားအတွက် ကိုကျော့မောင် အံ့အားသင့်ရသည်။ နန်းကိန္နရီသည်လည်း အံ့အားသင့်သွားသည်။ ကိုမောင်မောင်ဦး၏ မျက်နှာကို ကြေကွဲစွာ စူးစိုက်ကြည့်နေသည်။

 

ကိုမောင်မောင်ဦးသည် ပြတင်းပေါက်မှတစ်ဆင့် ပြင်ပသို့ လှမ်းကြည့်နေသည်။

 

“တကယ်ပြောတာ။ ကလေးရဲ့ ဘဝနဲ့ ကလေး ဘာသာနေ။ သူတစ်ပါးဘဝထဲကို ဝင်လာဖို့မကြိုးစားနဲ့။ တစ်ယောက်နဲ့တစ်ယောက် ရောနှောဖို့ မစဉ်းစားနဲ့။ အဲဒီလို တသီးတသန့်နေတာဟာ ကလေးအတွက် အကောင်းဆုံးပဲ။ အဓိပ္ပာယ် အရှိဆုံးပဲ”

 

ကိုမောင်မောင်ဦးသည် နန်းကိန္နရီ၏မျက်နှာကို မကြည့်ဘဲပြောသည်။ သူ၏အသံမှာ တိုးညင်းသည် မှန်သော်လည်း မျက်နှာထားမှာ တင်းတင်းမာမာ ဖြစ်နေသည်ဟု ကိုကျော့မောင်ထင်သည်။

 

နန်းကိန္နရီ၏မျက်နှာမှာ ကြေကွဲဟန် လွှမ်းနေသည်သာ မကသေး၊ ဝမ်းနည်းဟန် ပေါ်ပေါက်နေသည်သာ မကသေး၊ ကိုမောင်မောင်ဦး၏စကားကို နားလည်နိုင်စွမ်း မရှိသလိုလည်း ဖြစ်နေသည်။

 

သူတို့သည် အတော်ချည်းကြာအောင် တိတ်ဆိတ် နေကြသည်။ ငြိမ်သက်နေကြသည်။ အလိုလိုနေရင်း ကြေကွဲစရာကောင်းနေသည်ဟု ထင်ရသည်။

 

“ကျော့မောင်”

 

အတော်ချည်းကြာလျှင် ကိုမောင်မောင်ဦး ခေါ်သည်။ ကိုကျော့မောင်သည် ကိုမောင်မောင်ဦး၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။

 

“ပြန်ကြပါတော့လား”

 

“ဟင်”

 

“ပြန်တော့လို့ ပြောတာ။ ဒီနေရာမျိုးက သိပ်ကြာကြာ နေလို့ကောင်းတဲ့ နေရာမျိုးမဟုတ်ဘူး”

 

ကိုကျော့မောင်သည် ကိုမောင်မောင်ဦး၏စကားကို မကျေနပ်ချင်။ သို့ရာတွင် ငြင်းပယ်နိုင်စွမ်းမရှိ အောင်လည်း ဖြစ်နေရသည်။ ကိုမောင်မောင်ဦး၏ မျက်နှာသွင်ပြင်ကို ကြည့်ရသည်မှာ တကယ်တမ်း ပြန်စေချင်ကြောင်း တွေ့ရသည်။ နန်းကိန္နရီသည် မျက်နှာငယ်ငယ်ဖြင့် သူ့ကို လှမ်းကြည့်လိုက် ကြောင်းမြင်ရသည်။

 

ကိုကျော့မောင် ထိုင်ရာမှ ထရသည်။ နန်းကိန္နရီသည်လည်း သူနှင့်ရောနှောလျက် ထိုင်ရာမှထသည်။

 

“အရီ အရီ ပြန်ပါဦးမယ်”

 

နှင်သူက နှင်နေပါလျက် သည်စကားကို နန်းကိန္နရီ အထစ်ထစ် အငေါ့ငေါ့ ပြောမိသေးသည်။

 

ကိုမောင်မောင်ဦးသည် နန်းကိန္နရီအား ခေါင်းညိတ် ပြလိုက်လေသည်။

 

ကိုကျော့မောင်နှင့် နန်းကိန္နရီတို့ လေးလံနှေးကွေးသော ခြေလှမ်းများဖြင့် ကိုမောင်မောင်ဦး၏အပါးမှ ခွဲခဲ့ကြသည်။ အခန်းထဲမှ ထွက်ခဲ့ကြသည်။

 

ကိုမောင်မောင်ဦးသည် နန်းကိန္နရီ၏ နောက်ကျောကို ငေးကြည့်ရင်း ကျန်ရစ်သည်။

 

အပြန်လမ်းတွင်လည်း တိတ်ဆိတ်ငြိမ်သက်ခြင်းက ဆက်လက်လွှမ်းမိုး လိုက်ပါလာခဲ့လေသည်။ ကိုကျော့မောင်သည် လည်းကောင်း၊ နန်းကိန္နရီသည် လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြ။

 

နန်းကိန္နရီ၏မျက်ဝန်းတွင် မျက်ရည်ကြည်ရစ်ဝဲနေသည်။ မျက်နှာကလေးမှာ ကြေကွဲဝမ်းနည်းဟန်များ ပေါ်ပေါက်နေသည်။ ဤသည်များကို မြင်ရကာ ကိုကျော့မောင်သည် စကားတစ်စုံတစ်ရာ ပြောချင်သည်။ နှစ်သိမ့်သည့်စကား ဆိုချင်သည်။ သို့ပေမဲ့ စကားကို မည်သို့အစပျိုးရမည် မတွေးတတ်နိုင်။ သူငယ်ချင်းဖြစ်သူကိုသာ စိတ်ထဲမှ မကျေမနပ် ဖြစ်နေမိသည်။ အပြစ်တင်ချင်နေသည်။ အဘယ်ကြောင့် သည်မျှ စိမ်းစိမ်းကားကား ဆက်ဆံ ခဲ့သည်ကို စဉ်းစား၍မရနိုင်အောင် ရှိသည်။

 

“ဦးလေးက ဘယ်ပြန်မှာလဲ”

 

နန်းကိန္နရီ မေးသည်။

 

“ပါရမီရိပ်သာ”

 

“အရီ လိုက်ပို့ပေးမယ်”

 

ကိုကျော့မောင် မငြင်းပယ်မိ။

 

နန်းကိန္နရီသည် ကားကို ကမ္ဘာအေးစေတီလမ်းဘက်သို့ ဦးတည်ခဲ့သည်။ သူမသည် ကားကို အရှိန်ပြင်းစွာ မောင်းနှင်လာသည်။ ကားစီးရသည်မှာ ထိတ်လန့်စရာပင် ကောင်းနေသည်။ ကားအချို့ကို ပွတ်ကာသီကာ ရှောင်တိမ်းသည်။

 

နန်းကိန္နရီ၏ရင်ဝယ် အဘယ်မျှ ခံပြင်းနာကြည်းစွာ ခံစားနေရကြောင်း သူမ၏ အပြုအမူအရ သိသာလာသည်။ စိတ်မှာထွေနေပုံရသည်။ ဝေနေပုံပေါ်သည်။ မျက်နှာထားကလည်း တင်းတင်းမာမာရှိလှ ါဘိ။ မျက်လုံးသူငယ်အိမ်တွင် မျက်ရည်ကြည် ရစ်ဝဲနေသည်။ အကြည့်သည် ဝေရီနေသည်။

 

ကိုကျော့မောင်သည် နန်းကိန္နရီကိုကြည့်ကာ ကြေကွဲရခြင်းသည် ထိုမိန်းကလေးထံမှ မိမိထံသို့ ကူးစက်လာသည်ဟု ထင်သည်။ စိတ်ထဲတွင် သူငယ်ချင်းဖြစ်သူအပေါ် ပိုမိုမကျေမနပ်ဖြစ်ရခြင်းများ ပေါ်ပေါက်နေသည်။

 

ဘယ်လိုများပါလိမ့်။ သမီးဖြစ်သူအား မြင်ရလျက်က အဘယ်ကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မနေခဲ့ပါလိမ့်။ အဘယ်ကြောင့် သည်မျှ စိမ်းစိမ်းကားကား ဆက်ဆံခဲ့ပါလိမ့်။

 

သူသည် ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ပတ်သက်၍ လည်းကောင်း၊ နန်းကိန္နရီနှင့် ပတ်သက်၍လည်းကောင်း တကယ်တမ်း စိမ်းကားပြတ်တောက်နေပြီလား မပြောတတ်နိုင်။

 

ပါရမီရိပ်သာသို့ရောက်လာသည်။ အိမ်ရှေ့တွင် ကားကို ရပ်စေရသည်။

 

ကိုကျော့မောင် ကားပေါ်မှမဆင်းမီ စကားဆိုသည်။

 

“ဒီကနေ့အဖြစ်အတွက် ဦးလေး စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဦးလေး ကတိပေးပါတယ်ကလေးရယ်။ တစ်နေ့မဟုတ်တစ်နေ့ အဆင်ပြေရပါစေ့မယ်လို့ ဦးလေး ကတိပေးပါတယ်”

 

သည်တွင် နန်းကိန္နရီက ကိုကျော့မောင် မထင်မှတ်၊ မမျှော်လင့်သောစကားဖြင့် တုံ့ပြန်သည်။

 

“ဦးလေး၊ အရီ့ကို ဘာဖြစ်လို့ ဒုက္ခပေးရတာလဲဟင်။ ဘာဖြစ်လို့ အရီ့ဘဝကို ဖျက်ဆီးချင်ရတာလဲ။ အရီ့ဘာသာနေနေတာ အကောင်းသားနဲ့ ဘာလို့ ဦးမောင်မောင်ဦးနဲ့ ဆုံပေးခဲ့ရတာလဲ”

 

သည်တွင် မိမိ၏အပြုအမူမှာ သည်တစ်ကြိမ်တွင်လည်း မျှော်မှန်းသလို ဖြစ်မလာနိုင်။ မှားယွင်းခဲ့ရ ပြန်ချေပြီဟု ကိုကျော့မောင် စိတ်မကောင်းစွာ တွေးနေမိလေသည်။

 

မျိုး

     တွေ့ချင်တယ်

                          ရီ

 

မျိုးထွန်းသိန်းသည် နန်းကိန္နရီ၏စာကို လမ်းမီးရောင်ဖြင့် ဖတ်လိုက်သည်။ စာကို အထပ်ထပ်အခါခါ ဖတ်ပြီးဖြစ်ပါလျက်၊ စာတွင်လည်း အကြောင်းအရာ တစ်ရပ်မှတစ်ပါး အခြားဖော်ပြချက် မရှိပါဘဲလျက် ထပ်၍ဖတ်မိခြင်း ဖြစ်သည်။

 

သူသည် တွေ့နေကျနေရာသို့ တွေ့နေကျအချိန်တွင် ရောက်ရှိနေခဲ့သည်။ သည်တစ်ခါ သူကစော၍ ရောက်နေသည်။ နန်းကိန္နရီသည် အခါတိုင်းက အလျင်ရောက်နေကျ ဖြစ်ပါလျက် သည်ကနေ့ နောက်ကျသည်။

 

စောစောပိုင်းကဆိုလျှင် မျိုးထွန်းသိန်း သရက်ပင် အမြစ်ဆုံတွင် ထိုင်၍ စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ လေတိုးသံ၊ လှိုင်းကြက်ခွပ်သံနှင့် ပိုးမွှားများ အော်မြည်သံကို နားထောင်ရင်း အဆုံးအစမရှိသော အတွေးတို့ကို တွေးနေမိခဲ့သည်။ ကြာသော် ယင်းသို့ စောင့်ဆိုင်းနေရသည်ကို စိတ်မရှည်နိုင်သလို ဖြစ်လာကာ အင်းလျားလမ်းဘက်သို့ ထွက်ခဲ့သည်။ လမ်းမှနေ၍ ကြိုမိပြန်သည်။

 

အမှောင်သည် ကန်ဝန်းကျင် တောအုပ်၌ သိပ်သည်းစပြု၍ နေခဲ့ပေပြီ။ ငြိမ်သက်ခြင်းသည်လည်း သည်ဝန်းကျင်ကို စိုးမိုးစပြုနေခဲ့ပေပြီ။

 

မျိုးထွန်းသိန်းသည် နန်းကိန္နရီနှင့်ပတ်သက်လာလျှင် မိမိတွင်ရှိအပ်သော သိက္ခာကိုပင် ထိန်းသိမ်းနိုင် စွမ်းမရှိဟု ထင်သည်။ အရာရာတွင်ပင် သူသည် နန်းကိန္နရီအလိုကျ လိုက်ပါနေမိလျက်ရှိသည်ဟု တွေးမိသည်။ ယင်းမိန်းကလေးသည် မိမိအား တစ်စထက်တစ်စ လွှမ်းမိုးလာသည်ဟု ယူဆသည်။

 

စင်စစ်တွင်လည်း သူကျင်လည်နေသော ဝန်းကျင်မှာ အချောအလှတို့ မရေမတွက်နိုင်လောက်အောင် ပေါများသော အလှတော။ အလှရွာ။ ယောက်ျားကလေးတို့၏ ညလယ်အိပ်မက်ကို ကြီးစိုးနိုင်စွမ်းရှိသော အလှပိုင်ရှင်တို့ စုဝေးရာနေရာ။ ထို့ကြောင့်ပင် မိမိအား နန်းကိန္နရီက လွှမ်းမိုးလာခြင်းမှာ ရုပ်ရည် သွင်ပြင်လှပခြင်း တစ်ခုတည်းနှင့် မဟုတ်နိုင်။ အကြောင်းရပ် အမျိုးမျိုးကြောင့်ပင် ဖြစ်မည်ထင်သည်။ ထိုမိန်းကလေးသည် သူ့ရင်၌ ဝေဒနာတစ်ရပ်ကို ပေးစွမ်းနိုင်ခြင်းရှိသော ငယ်ချစ်နှင့် ပတ်သက်နေသည်မှာ အဓိကအကြောင်း ဖြစ်မည်ထင်သည်။ အဲလစ်နှင့်စပ်လျဉ်း၍ပင် သူ နန်းကိန္နရီအား အရေးထားမိခြင်းဖြစ်သည်။ ဂရုပြုမိခြင်းဖြစ်သည်။ ယခုတော့လည်း အဲလစ်နည်းတူပင် သူမအပေါ် စွဲလမ်း တွယ်တာမိလျက်ရှိသည့်အဖြစ်ကို မျိုးထွန်းသိန်း သဘောပေါက်လာသည်။

 

သူတို့သည် အနည်းဆုံး တစ်ပတ်နှစ်ကြိမ်လောက် စာတိုကလေးဖြင့် ချိန်းဆိုမိတတ်မြဲဖြစ်သည်။ လှိုင်းကြက်ခွပ်သံနှင့် သစ်ရွက်လေတိုးသံ ညံစီနေ သော အင်းလျားကန်တွင် တွေ့ဆုံမိတတ်မြဲဖြစ်သည်။ လှပနုနယ်သော စကားလုံးများ၊ သာယာ ချမ်းမြေ့ဖွယ်သော အဖြစ်ကလေးများကို အထူးတလည် ရွေးချယ်ပြောတတ်ကြမြဲ။

 

ယခုအခါ တစ်ယောက်နှင့်တစ်ယောက် ဖွင့်ဟဝန်ခံခြင်းမပြုသည့်တိုင် အသည်းနှလုံး၏ နက်ရှိုင်းသော အပိုင်း၌ သံယောဇဉ်ငြိတွယ်နေသည့်အဖြစ်ကို ရိပ်စားမိကြပြီးထင်သည်။ ချစ်သည်ဆိုသော စကားတစ်လုံးမှလွဲလျှင် အခြားသော ယင်းအဓိပ္ပာယ် သက်ဝင်သည့်စကားများကို ပြောဖြစ်ခဲ့ကြသည်။ ချစ်သည်ဆိုသောစကားကိုမူ နှစ်ယောက်စလုံး အလိုလို ရှောင်လွှဲမိခဲ့ကြသည်။

 

ဆက်လက်ဖော်ပြပါမည်။